MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး November 14, 2012

Filed under: OTHERS' WRITINGS — Nyo Gyi @ 6:38 pm
“ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး”

ဆိုးသွမ်းသူတွေ ကိစ္စ အရင် ပြောပါရစေ။ ကားတစ်စီးကို ပြိုင်ကားလေးစီးနဲ့ လိုက်ပြီး ၀ိုင်းရိုက်တဲ့ အမှု၊ ခရီးသည်တင်ကားကို တားပြီး ကားပေါ်ပါတဲ့ ခရီးသည်တွေကို ၀ိုင်းရိုက်တယ်ဆိုတဲ့ ကိစ္စ၊ လူအင်အားစုဖွဲ့  ပြီး ရပ်ကွက်ထဲမှာ သောင်းကျန်းတယ်ဆိုတဲ့ ကိစ္စ စတဲ့ အမှုတွေဆိုတာ တရားစွဲလိုက်ရုံနဲ့ ပြီးတဲ့ အမှုမျိုးတွေ မဟုတ်ပါဘူး။ ဒီလို ဆိုးသွမ်းသောင်းကျန်းသူတွေကို ငြိမ်ဝပ်ပိပြားရေး ဥပဒေတွေအရပါ အရေးယူဖို့လိုပါတယ်။ နောက်ထပ် မဆိုးသွမ်းအောင် အာမခံမယ့်သူတွေနဲ့ ခံဝန်ချုပ် ပြုလုပ်စေသင့်ပါတယ်။ ဒါမှသာ နောက်ထပ် မဆိုးသွမ်းရဲမှာ၊ မဆိုးသွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ တည်ငြိမ်အေးချမ်းရေးအတွက် လုပ်ရတာဖြစ်ပါတယ်။ သာမန် နာကျင်စေမှုလောက်နဲ့သာ အရေးယူတယ်ဆိုရင် ထပ်မံ ကျူးလွန်ဖို့ ၀န်လေးမယ် မဟုတ်ပါဘူး။

ရဲမှူးကြီး မြင့်ဝေ(ငြိမ်း)
တစေ့တစောင်း ရဲလုပ်ငန်းအကြောင်း (၃၅) ဆောင်းပါး
မှုခင်းသတင်း ဂျာနယ်၊ အတွဲ (၁၇)၊ အမှတ် (၁)၊ ၁၄၊ ၁၁၊ ၂၀၁၂

 

ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ် November 10, 2012

Filed under: OTHERS' WRITINGS — Nyo Gyi @ 4:16 pm
ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်

“၁၉၆၂ ဥပဒေကိုလည်း မဖျက်သေးဘူး။ ပုဂ္ဂလိက သတင်းစာထုတ်ဖို့ကိုလည်း ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ ရုပ်မြင်သံကြားမှာလည်း ခရိုနီကုမ္ပဏီတွေကိုပဲ လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးထားတယ်။ အစိုးရမှာ Freedom of Press အတွက် အဖြေမရှိဘူး။ တစ်နည်းဆိုရင် ဒီမိုကရေစီအတွက် အာမခံချက် မပေးနိုင်သေးဘူး။

စင်ကာပူမှာလို မီဒီယာကို အစိုးရက ငွေကြေးအင်အား၊ ဥပဒေနဲ့ ထိန်းချုပ်ပြီး မိုနိုပိုလီလုပ်

ဖို့လုပ်နေ တယ်။ စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယားလိုမျိုး သတင်းမီဒီယာကိုထိန်း ချုပ်ဖို့ ကြိုးစားနေတဲ့ အစိုးရဟာ ဘယ်လိုနည်းနဲ့မှ ဒီမိုကရေစီအစိုးရ မဖြစ်နိုင်ဘူး။

ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြန်ကြားရေးဝန်ကြီးက စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလို့ သုံးနှုန်းခဲ့ပါတယ်။ ဒါရဲ့အဓိပ္ပာယ်ဟာ ဒီမိုကရေစီ အရေခြုံထားတဲ့ အာဏာရှင်စနစ်ဆိုတာကော တာဝန်ရှိတဲ့ လူတွေ နားလည်သလားလို့ မေးချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူတို့လို တစ်ပါတီတည်းက အာဏာထိန်းချုပ် အတိုက်အခံကို အလုပ်ဖြစ်ရုံ အချိုသတ်ပေါင်း၊ သတင်းမီဒီယာကို လက်ဝါးကြီးအုပ်လုပ်ထားတဲ့ အရေခြုံဒီမိုကရေစီမျိုး မလိုလားဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”

ဒေါက်တာသန်းထွဋ်အောင် Eleven Media Group

http://news-eleven.com/index.php?option=com_content&view=article&id=16295%3A2012-11-06-10-20-44&catid=42%3A2009-11-10-07-36-59&Itemid=112

 

Urgent Need to Reform Myanmar Tatmadaw? August 19, 2011

Filed under: GENERAL AUNG SAN,OTHERS' WRITINGS,PHOTOS — Nyo Gyi @ 8:04 am
မြန်မာ့ တပ်မတော် အလုံးစုံပြိုကွဲပျက်စီးဖို့ နီးပြီလော

– ချေဗားမား (Che Burma)

(“တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်” ဟူသော ဆိုင်းဘုတ်တပ်ထားပြီး နိုင်ငံအပေါ်၊ ပြည်သူများအပေါ်နှင့် ဘ၀တူ တပ်မတော်သား(ဇာတ်တူသား)အချင်းချင်းအပေါ် သစ္စာဖောက်နေကြသည့် လက်ရှိ သက်ကြားအို တပ်မတော်ခေါင်းဆောင်ဆိုသူများကို ဖြုတ်ချတော်လှန်ကာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့ တပ်မတော်သားများအနေဖြင့် တပ်မတော်ကို အသစ်တဖန် ပြန်လည် ပြုပြင်ဖွဲ့စည်းသင့်ကြောင်း အကြံပေးထားသည့် ချေဗားမား ၏ ဆောင်းပါးကို ဖော်ပြပေးလိုက်ပါသည်။ – ဘလော့ဂ်အယ်ဒီတာ ညိုကြီး)

နယ်ချဲ့လွတ်လပ်ရေးတိုက်ပွဲအတွင်းက မွေးဖွားအခြေခံလာခဲ့သော၊ ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် ရဲဘော်သုံးကျိပ် စတင် တည်ထောင်လာခဲ့သော ဘီအိုင်အေမှ အစပြုသည့် မြန်မာ့တပ်မတော်၏ အစဉ်အလာသည် ယနေ့အခါသမယ၌ ပြုပြင်မရလောက်အောင် ချွတ်ခြုံကျ၊ ယိုယွင်းနေချေပြီလော။

နေ၀င်း၊ သန်းရွှေတို့၏ ကလိန်ကျ၊ ကိုယ်ကျိုးရှာ၊ အတ္တကြီး၊ အာဏာရှင်ဆန်မှုတို့ကြောင့် ပေါ်ပေါက်လာခဲ့ရသော တပ်မတော်အတွင်း ဖြုတ်၊ထုတ်၊သတ် ဇာတ်လမ်းမျိုးစုံကို လူအများ ကြားသိတွေ့မြင် ခဲ့ရပြီးချေသည်ကား သေချာပေ၏။ အနီးစပ်ဆုံးဥပမာများကား အထင်အရှားရှိ၏။ နေ၀င်းကာလကို အသာထားဦး။ သန်းရွှေကာလမှာပဲ စောမောင်၊ တင်ဦး၊ ခင်ညွန့်နှင့် တပည့်များ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည် မဟုတ်လော။

တပ်မတော်အတွင်း ဗိုလ်များသာ တိုးလာပြီး စစ်သားရှားပါး၊ ထွက်ပြေးမှုများ မကြာခဏကြုံတွေ့နေရရုံမျှသာ မကသေး။ ယနေ့တပ်မတော်အရာရှိကြီးကြီးမာစတာတို့၏ စိတ်ဓာတ်၊ စည်းကမ်းများမှာလည်း အဆိုးဖက်သို့ ဦးတည်နေသည်ကား ဆက်လက်ဖော်ပြမည့် အကြောင်းအရာများက သက်သေခံနေပေပြီ။

စော၊တင်၊ညွန့်တို့ ဖြုတ်၊သတ်၊ထုတ် အလုပ်ခံခဲ့ရသည့်နည်းတူ ယနေ့အခါတွင်လည်း တပ်မတော်အရာရှိ ကြီးကြီးမာစတာချင်း ဖြုတ်၊ထုတ်၊ဖမ်း လုပ်နေကြပြန်သည့် ဇာတ်လမ်းများမှာ ယခုအခါ မကြားချင်အဆုံး ဖြစ်နေပေသည်။

-မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ်ဖုန်းဇော်ဟန် ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း…

(၄င်းမှာ လက်ရှိ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဆိုသူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့် ရန်ဘက်ကြီးဖြစ်သည် ဆို၏ ။)

(မှတ်ချက်။ ။ ဖုန်းဇော်ဟန်၊ ရဲမြင့်တို့မှာ တပ်မတော်မှ ထွက်ထားသူများဟု မည်သို့ပင် အသံဟစ်ထားစေကာမူ ၄င်းတို့ကို ၄င်းတို့၏ ရှိရင်းစွဲ တပ်မတော်အဆင့်အတန်းအတိုင်း အာဏာပေးထားသည်ကို ငြင်းဖွယ်မမြင်ပေ။ ဥပမာ – သန်းရွှေ၊ မောင်အေး၊ ရွှေမန်း၊ သိန်းစိန်၊ တင်အောင်မြင့်ဦး၊ ကျော်ဆန်း၊ ခင်ရီ အစရှိသူတို့သည် လက်ရှိတိုင် တပ်မတော်အပေါ် သြဇာညောင်းနေပေဘိသကဲသို့။)

-ကာကွယ်ရေး စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ(ယခင် မန္တလေးတိုင်းမှူး)၊ ဗိုလ်ချုပ်ထွန်းသန်း(ရန်ကုန်တိုင်းတိုင်းမှူး)တို့လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီဆိုသည့်သတင်း…

-ဗိုလ်ချုပ်ကျော်ဖြိုး(ယခင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး)လည်း ဖမ်းဆီးစစ်ဆေးခံနေရပြီ ဆိုသည့်သတင်း…

စသဖြင့်.. စသဖြင့် ။

ဖြုတ်၊ထုတ်၊ဖမ်း သတင်းများကား စိတ်မချမ်းမြေ့ဖွယ်ကောင်းလောက်အောင် ကြားနေရပြန်ချေပြီ ။ မြန်မာ့တပ်မတော်၏ အစဉ်အလာကို အပြိုင်ကိုယ်ကျိုးရှာတမ်း၊ အာဏာလုတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ် တမ်းကစားနေကြရင်း ချိုးဖျက်နေကြပြီလော။

ကျွန်တော်သည် ပြည်တွင်းမှာ နေထိုင်သော ပြည်တွင်းဖြစ် မြန်မာနိုင်ငံသား၊ ဗမာလူမျိုး စစ်စစ်တစ်ဦးဖြစ်ပြီး “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” စကားများနှင့် ကြီးပြင်းလာခဲ့ရသူဖြစ်ရာ ယခုလို တပ်မတော်၏ အမိ၊ အဖ ဆိုသူများ အချင်းချင်း ကိုယ်ကျိုးရှာအာဏာလုစတမ်း၊ ဖြုတ်-ထုတ်-ဖမ်း-သတ်တမ်း ကစားနေကြသည်ကို မြင်နေရ၍ လွန်စွာ စိတ်မကောင်းဖြစ်မိတော့သည်။

တပ်မတော်သားသည် တစ်သားတည်းရှိရမည်မဟုတ်လော။ ယခုတော့ ဘယ်သူ့လူ၊ ဘယ်ဝါ့လူခွဲကာ တစ်ဦးနှင့်တစ်ဦး ဦးရာလူချစတမ်းလုပ်တတ်သည့် ဓလေ့တစ်ခု မြန်မာ့တပ်မတော်မှာ စွဲနေလေပြီ။ တပ်မတော်အတွင်း အာဏာစင်ပြိုင်ထောင်သည့် ဓလေ့ဆိုးသည် အမြစ်တွယ်နေလေပြီ။ တပ်မတော်ကိုအသုံးချကာ နိုင်ငံရေးဖြတ်လမ်းလိုက်တတ်သည့် ဓလေ့သိုးသည် အနံ့ထွက်နေလေပြီ။ တပ်မတော်အရာရှိကြီးကြီးမာစတာ ကိုယ်တိုင်သော် လည်းကောင်း၊ ၄င်း၏ဆွေမျိုးတသိုက်သော် လည်းကောင်း တပ်မတော်အာဏာသုံး၍ စီးပွားရှာတတ်သည့် ဓလေ့မျိုးသည် ရိုးနေလေပြီ။

“ဘယ်သူကွဲကွဲ တို့မခွဲ အမြဲစည်းလုံးမည်” ဆိုသည့် စကားများနှင့် တည်ဆောက်ထားသယောင်ရှိသော တပ်မတော်သည် မည်သူမျှ ခွဲစရာမလိုဘဲ ခေါင်းဆောင်အချင်းချင်းကွဲပြီး အာဏာရှိုးပြပွဲ လုပ်နေကြပေရာ ရိုးသား ထက်မြက်စွာ နိုင်ငံ့တာဝန်ထမ်းနေသော လက်အောက်ခံ တပ်မတော်အရာရှိကြီးငယ်များနှင့် လက်ဝေခံစစ်သားများခမျာ စိုးတထိတ်ထိတ်၊ ရင်တဖိုဖိုနေရသည့် ဘ၀သို့ တမုတ်ဟုတ်ချင်း အမြဲတမ်းကျရောက်နေလေပြီ။ “ငါ့တော့ ဘယ်နေ့အတွယ်ခံရမလဲမသိဘူး” ဟူသော စိတ်နှင့် တပ်မတော်သားဘ၀ကို စိတ်ညစ်စွာ ဖြတ်သန်းနေရလေပြီ။

မြန်မာ့တပ်မတော်ကို အမြစ်ကလှန်၍ ပြုပြင်မွမ်းမံရန် လိုပေပြီ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့် ဆိုသော်ငြား ထိုသွေး၊ ထိုအသံ၊ ထိုအမိန့်သည် “ညစ်၊ အက်၊ မှား”၍ နေပေသည်ကို သိလျက်ကြီးနှင့် ပညာဥာဏ်၊ မျိုးချစ်စိတ်ကြီးမားသူ လက်အောက်/လက်ဝေခံ တပ်မတော်သားများက ဒီအတိုင်းလက်ပိုက်ခေါင်းငုံ့ပြီး ငြိမ်ခံနေကြဦးမည်လော။

သွေးဆိုးသွေးညစ်ကို ဖောက်ထုတ်ဖယ်ရှားကာ တပ်မတော်ကို အသစ်တဖန်မွေးဖွားဖို့ လိုပေပြီ။ တပ်မတော်မျိုးဆက်သစ်တို့အနေဖြင့် တပ်မတော်တော်လှန်ရေးကို အမြန်လုပ်ဖို့လိုပေပြီ။ တပ်မတော်ကို ဖြိုခွဲမည့်အကြံ ကျွန်တော်လည်း လက်မခံပါ။ စိတ်ဓာတ်၊ စည်းကမ်းပြိုကွဲနေသော တပ်မတော်ကိုမူ ပြန်လည်စုစည်း ပြုပြင်ကြပါဟုသာ တိုက်တွန်းလိုပေသည်။

အနာသိလျှင် ဆေးရှိသည်ဆိုသော်ငြား ဆေးနှင့် ဆေးကုပေးမည့်သူကား လိုပေသည်။ အနာကား ရင့်ချေပြီ။ သတ္တိရှိရှိ၊ ပညာဥာဏ်ကြီးကြီးနှင့် အနာကို အမြန်ဆေးကုကြပါတော့ဟုသာ တပ်မတော်ချစ်၊ တိုင်းပြည်ချစ် မျိုးဆက်သစ်မြန်မာ့တပ်မတော်သားများကို အလေးအနက်ထားကာ ဦးတည် ရေးသားလိုက်ရပေသတည်း။ ။

ချေဗားမား (Che Burma)

11:59 PM, 16.8.2011

 

>The Parrot’s Education (Rabindranath Tagore) in Burmese Language by Tite Soe July 9, 2011

Filed under: OTHERS' WRITINGS — Nyo Gyi @ 10:39 am

>ကြက်တူရွေး၏ ပညာရေး
(မူရင်း – ရာဗိန်ဒရာနတ်တဂိုး၊ ဘာသာပြန် – တိုက်စိုး)

တစ်ရံရောအခါ ကြက်တူရွေးတစ်ကောင်ရှိလေသည်။ ထိုကြက်တူရွေးသည် အသိပညာမဲ့၏။ သူသည် တေးဆိုလေ့ရှိသော်လည်း တရားစာပေကိုဘယ်အခါမှ မရွတ်။ မကြာခဏ ခုန်စွေ့ ခုန်စွေ့ လုပ်တတ်သော်လည်း အမူအရာ၌ မသိမ်မွေ့။

ဘုရင်မင်းကြီးသည် ဤသို့ တွေးလေသည်။ ပညာမဲ့ခြင်းသည် အကျိုးယုတ်ရာ ယုတ်ကြောင်းသာ။ သူမိုက်နှင့် ပညာရှိ(သည်) အစားစားရာတွင် မကွာကြသော်လည်း လောကစီးပွားဆောင်ရာတွင်ကား ကွာလှချေသည်။ မင်းကြီးသည် ဤသို့ တွေး၍ တူတော်များကို ရှေ့တော်သို့ခေါ်ကာ၊ ကြက်တူရွေးကို ပညာကောင်းစွာ သင်ပေးရန် မိန့်လေသည်။ ထိုအခါ မင်းရင်ပြင်၌ သုခမိန်များ၏ အစည်းအဝေးသည် ဖြစ်၏။ သုခမိန်များသည် မဆိုင်းမတွပင် ပြဿနာ၏ ဇာစ်မြစ်ကို စိစစ်ကြပြီးလျှင် ငှက်သတ္တဝါများသည် အသိုက်စုတ် အသိုက်ပဲ့တွင် နေလေ့ရှိသောကြောင့် အသိပညာမဲ့ရသည်။ ထို့ကြောင့် ကြက်တူရွေး၏ ပညာရေးအတွက် ပထမ လိုအပ်ချက်သည် သင့်လျော်သော ကြက်တူရွေးအိမ်ပင် ဖြစ်သည်ဟု ဆုံးဖြတ်ကြလေသည်။ သုခမိန်များသည်
ဆုလာဘ်ကိုယ်စီဖြင့်အိမ်သို့ ပြန်ကြလေသတည်း။

ရွှေလှောင်အိမ်တစ်ခုကို အဆန်းတကြယ် လှပတင့်တယ်အောင် စီရင်ကြလေသည်။ အရပ်ရပ်မှ လူအများလည်း ထိုလှောင်အိမ်ကို ကြည့်ရန် စုဝေး လာရောက်ကြလေသည်။ အချို့က လှောင်အိမ်ကို စူးစူးစိုက်စိုက်ကြည့်ရာမှ ‘ယဉ်ကျေးမှုဖြင့် အကျဉ်းကျပါပကော’ဟု ပြောဆို ငိုကြွေးကြလေသည်။ အချို့ကလည်း ‘ယဉ်ကျေးမှုမပါ ဘာဖြစ်သမို့လဲ၊ လှောင်အိမ်က အကောင်အထည်နဲ့ ကျန်ရစ်ခဲ့မှာပဲ၊ ရွှေခဲကြက်တူရွေးတော့ ကံကောင်းတာပဲ’ဟု မှတ်ချက်ချကြလေသည်။ ပန်းတိမ်သည်လည်း ငွေထုပ်ပိုက်၍ မိမိရပ်ရွာသို့ လွှင့်လေသတည်း။

ဆရာပဏ္ဍိတ်သည် ကြက်တူရွေးကို စာသင်ရန် ပြင်လေသည်။ သူသည် ဣနြေ္ဒသမ္ပတ္တိဖြင့် နှာတရှုပ်ရှူလိုက်ကာ ‘စာစုံမှ ပညာကုန်မယ်’ဟု မိန့်လေသည်။ ထိုအခါ ဘုရင့်တူတော်များလည်း စာရေးတော် တသီချည်း ခေါ်လာကြလေသည်။ စာရေးတော်များလည်း ကျမ်းအစောင်စောင်မှ ရေးကူးကြလေသည်။ ကူးသည့်စာမူမှ တဖန် ရေးကူးကြပြန်လေသည်။ နောက်ဆုံး၌ အတိုင်းမသိ မြင့်မားသော စာအထပ်ကြီး ဖြစ်လာလေတော့သည်။ လူအများလည်း ‘အလိုလေး၊ ယဉ်ကျေးမှု ဘုံဗိမာန်ကြီးဟာ တိမ်တိုက်တွေအကြား ထိုးဝင်မတတ် မြင့်မားပါပေရဲ့’ဟု ရင်သပ်ရှုမော ကြလေသည်။ စာရေးတော်များသည် အသပြာအိတ် အပြည့်ဖြင့် အရပ်သို့ ပြန်ကြလေသတည်း။ ဘုရင့်တူတော်များလည်း လှောင်အိမ်ကို အကျအန ဖြစ်အောင် ကြိုးစားကြပါပေ၏။ လှောင်အိမ်ကို သူတို့ ပွတ်တိုက်မွမ်းမံ အရောင်တင်ကြသည်ကို လူအများက ကြည့်ရင်း၊ ‘ဒါမှ တကယ့်တိုးတက်ရေး’ ဟု ပြောကြလေသည်။

လောက၌ ဘယ်အရာတွင် ချို့တဲ့နေနေ၊ ကဲ့ရဲ့ သင်္ဂြိုဟ်ဆိုတတ်သူ ဦးရေတွင်မူ မချိုတဲ့တတ်ပေ။ သူတို့က လှောင်အိမ်နှင့် ပတ်သက်သူမှန်သမျှ ကြက်တူရွေးက လွဲလျှင် ကြီးပွားကြပါပေသည်ဟု လျှောက်၍ သတင်းလွှင့်ကြလေသည်။ မင်းကြီးလည်း ထိုသတင်းကို ကြားရ၍ တူတော်များကို မေးလေသည်။ တူတော်များက ‘ထမင်း မဝ တစ်ချက် ဝ တစ်ချက်နဲ့ လူများဟာ ပါးစပ်အားတိုင်း သွားပုတ်လေလွင့် ပြောနေကြခြင်းပါ’ ဟု လျှောက်တင်ကြလေသည်။ လျှောက်တင်ချက်ကို သဘောတော် တွေ့သဖြင့် ဘုရင်မင်းကြီးက တူတော်များအား ကျောက်မျက်ကျောက်မြတ်များ သဒ္ဓါတော်မူလေသည်။

တစ်နေ့သ၌ ဘုရင်မင်းကြီးသည် (မိမိ၏) ပညာရေးဌာနက ရွှေခဲကြက်တူရွေးအတွက် ဘယ်ပုံဘယ်နည်း စီမံနေသည်ကို ကိုယ်တော်တိုင် မြင်လိုသဖြင့် ပညာရေး ခန်းမဆောင်သို့ ကြွလေသည်။ ထိုအခါ ဆိုင်ရာတို့က စည်းခရာ ပတ်သာပုံမောင်း တီးမှုတ်၍ ကြိုကြလေသည်။ သုခမိန်များကလည်း ဂါထာမန္တရားကို တစ်ခဲနက် ရွတ်ဆိုကြလေသည်။ ရွှေပန်းတိမ်တော်များ၊ စာရေးတော်များ၊ စာကြပ် စာမများ၊ ထိုသူအသီးသီး၏ အထောင်အသောင်းမကသော ဆွေမျိုး အရင်းအဖျားများကလည်း အုတ်အုတ်သဲသဲ ကောင်းချီးပေးကြလေသည်။ ဤတွင် တူတော်များလည်း အားရရွှင်ပြုံးစွာ မင်းကြီး၏ စိတ်ဆန္ဒကို မေးလျှောက် ကြလေသည်။ မင်းကြီးက ‘ပညာရေး မူဝါဒကဖြင့် ဟန်ဟန်ပန်ပန်ရှိတဲ့ ပုံသဏ္ဍာန်ပဲ’ ဟုမိန့်လေသည်။

ဘုရင်မင်းကြီးလည်း အလွန်ကျေနပ်၍ ဆင်တော်ပေါ်သို့ တက်တော့မည်အပြုတွင် ခြုံကွယ်၌ပုန်းနေသော အပြစ်ရှာသူတစ်ဦးက ‘အရှင်မင်းကြီး၊ ကြက်တူရွေးကော တွေ့ပါရဲ့လားဘုရာ့’ဟု ဟစ်အော်လိုက်လေသည်။ ထိုအခါမှ မင်းကြီးက ငါ သတိချွတ်နေမိသည်ဟု ဆိုကာ သုခမိန်များဘက်လှည့်၍ ကြက်တူရွေးကို သင်ပုံသင်နည်းစုံစမ်းကြည့်လေသည်။ သူတို့က သင်ပုံသင်နည်းကို မင်းကြီးအား ပြလေသည်။ ဘုရင်မင်းကြီးလည်း အလွန် နှစ်ထောင်းအားရခြင်း ဖြစ်လေ၏။ သင်ပြပုံနည်းစနစ်သည် ခန့်ထည်လှသဖြင့် ထိုနည်းစနစ်နှင့် စာလျှင်ကြက်တူရွေးမှာ နုပ်နုပ်ဖွဲဖွဲကဲ့သို့ပင် ဖြစ်တော့သည်။ မင်းကြီးလည်း အစီအစဉ်ကို အပြစ်ပြောစရာ ဘာမှမရှိဟု ကျေနပ်မိလေသည်။ အကယ်၍ ကြက်တူရွေးက ထိုအစီအစဉ်ကို ဆင်ခြေဆင်လက် တက်မည်ဆိုလျှင်လည်း ဆင်ခြေတက်နိုင်စရာ အကြောင်းမမြင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့လည်မျိုတွင် စာရွက်တွေ နင့်နေသဖြင့် အသံသဲ့သဲ့ပင် မထုတ်နိုင်ရှာသောကြောင့် ပေတည်း။ ကြက်တူရွေး၏အဖြစ်သည် ကြက်သီးထစရာပင် ကောင်းတော့သည်။

ဤအခါ၌မူ ဘုရင်မင်းကြီးသည် ဆင်တော်ပေါ်သို့တက်ရင်း အပြစ်ရှာသူများကို မလွတ်အောင် အပြစ်ဒဏ်ခတ်ရန် အမိန့်ပေးလေသည်။

ကြက်တူရွေးလည်း ကျိုးနွံစွာ သင့်အံလေ့လာရင်း နမူးနထူးဖြစ်လာလေသည်။ အားရလောက်သည့် တိုးတက်ရေးပါပေ။ သို့သော် အကွပ်အညှပ် အစီအမံအကြားမှပင် အဖြစ်မှန်သည် ပေါ်လာတတ်လေသည်။ လှောင်အိမ်တွင်း၌ နေရောင်ခြည်ကလေး မပြူတပြူ ရှိစအချိန်တွင် ရွှေခဲကြက်တူရွေးသည် အနှောင်အဖွဲ့ကို ရုန်းကန်ငြင်းဆန်သည့်ပမာ အတောင်တဖျပ်ဖျပ် ခတ်လေသည်။ ထို့ပြင် ယုံချင်မှလည်း ယုံပေရော့။ နှုတ်သီးချည့်နဲ့နဲ့ဖြင့် သံတိုင်ကို သနားစရာ ဆိတ်လေသည်။ ထိုအခါ မြို့ကွပ်က ‘တယ်ရိုင်းပါကလား’ဟု ကြိမ်းဝါးလေသည်။ မကြာမီ ပန်းပဲသမားသည် ပန်းပဲဖိုကို သယ်ဆောင်၍ မင်းကြီး၏ ပညာရေးဌာနသို့ ရောက်လာလေသည်။ တူသံ ပေသံတွေလည်း ဆူညံမစဲ ရှိပါပေ၏။ တူသံစဲသည်နှင့် တစ်ပြိုင်နက် သံကြိုးလည်း အဆင်သင့် ဖြစ်လေပြီ။ ကြက်တူရွေး၏ အတောင်နှစ်ဖက်ကိုလည်း ကိုက်ညှပ်၍ ပြီးခဲ့လေပြီ။ မင်းကြီး၏ ယောက်ဖတော်များက ‘ဒီငှက်သတ္တဝါတွေဟာ ဥာဏ်ကလည်းမွဲ ကျေးဇူးတရားကိုလည်း ဘာမှ မသိပါကလား’ဟု မသက်မသာ ခေါင်းရမ်းမိကြလေသည်။ ဆရာပဏ္ဍိတ်လည်း ကျမ်းထုတ်ကို တစ်ဖက်၊ ကြိမ်လုံးကို တစ်ဖက် ဆောင်၍ စာချလေသည်။ မြို့ကွပ်သည် အစောင့်အရှောက်ကောင်းသည့်အတွက် လည်းကောင်း၊ ပန်းပဲသမားသည် သံကြိုးခိုင်ခိုင်လုပ်နိုင်သည့်အတွက် လည်းကောင်း ဘွဲ့တံဆိပ် အသနားခံရပြန်လေသတည်း။

ရွှေခဲကြက်တူရွေးလည်း သေလေတော့၏။

ကြက်တူရွေး ဘယ်အခါက သေလိုက်မှန်း သိသူမရှိကြ။ အပြစ်ရှာသူက ထိုသတင်းကို ပထမဆုံး လွှင့်လိုက်လေသည်။ ဘုရင်မင်းကြီးလည်း တူတော်များကို ခေါ်၍ သတင်းမေးလေသည်။ တူတော်များက ကြက်တူရွေးကို စာသင်ပြီးကြောင်း လျှောက်တင်ကြလေသည်။

မင်းကြီးက ‘သူ ခုန်သေးသလား’ ဟု မေးလေသည်။
တူတော်များက ‘မခုန်တော့ပါ’ ဟု လျှောက်သည်။
‘ပျံသေးသလား’
‘မပျံတော့ပါ’
‘ကြက်တူရွေးကို ခေါ်ခဲ့’ ဟု မင်းကြီးက အမိန့်ပေးလေသည်။

မြို့ကွပ်လည်း ကြက်တူရွေးကို အစောင့်အကြပ်ဖြင့် ရှေ့တော်သို့ သွင်းလေသည်။ ဘုရင်မင်းကြီးလည်း ကြက်တူရွေး၏ ကိုယ်ကို လက်ညှိုးနှင့် ထိုးစမ်းကြည့်လေသည်။ ရွှေခဲကြက်တူရွေး၏ ကိုယ်တွင်းမှ စာရွက်မာကောက်ကောက် အသံတွေသာ ထွက်လာလေသတည်း။ ။

တိုက်စိုး

(မူရင်း – ရာဗိန်ဒရာနတ်တဂိုး၊ ဘာသာပြန် – တိုက်စိုး)

စာပေလောကစာအုပ် အမှတ် ၂၇၂ – ” တဂိုး၏ စာ “(ကဗျာ/စာရေးဆရာအစုံ မြန်မာပြန်သည်)၊ စာမျက်နှာ ၂၂၆ မှ ကူးယူမျှဝေသည်။

တဂိုး၏ စာ – ပုံနှိပ်မှတ်တမ်း
ပထမအကြိမ် – ၁၉၆၆ (နှလုံးလှ စာပေတိုက်)
ဒုတိယအကြိမ် – စက်တင်ဘာ၊ ၁၉၈၈ (စာပေလောက စာအုပ်တိုက်)

——————————————
တဂိုး ၏ “ကြက်တူရွေး၏ ပညာရေး” ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်လိုသူများအတွက် အင်တာနက်လိပ်စာမှာ
http://home.iitk.ac.in/~amman/soc748/tagore_parrot.pdf

http://www.parabaas.com/translation/database/translations/stories/gRabindranath_parrot.html
——————————————

“ကြက်တူရွေး၏ ပညာရေး” မှာ ယနေ့ လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အိန္ဒိယ ဂန္ထ၀င် ဆရာကြီးတဂိုးက ကြိုတင်ပြီး သရော်စာ ရေးထားသလားဟုပင် အောက်မေ့ရပါ၏။ တဂိုးသာ သက်ရှိထင်ရှားရှိနေလျှင် မြန်မာစစ်အာဏာရှင်များက ၄င်းအား Black List သွင်းကာ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖွယ်ရာ ရှိပေကြောင်း။ ။

ညိုကြီး

 

>Aung San and Music by Tin Naing Toe July 3, 2011

Filed under: GENERAL AUNG SAN,MUSIC,OTHERS' WRITINGS,PHOTOS — Nyo Gyi @ 4:05 pm

>ဂီတမြတ်နိုးသူ ဗိုလ်ချုပ်အောင်ဆန်း နှင့် အင်္ဂလန်ခရီး
– တင်နိုင်တိုး –

(၂၀၁၁ ခုနှစ်၊ ဇူလိုင်လထုတ် ရနံ့သစ် မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်)

 

>Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape (သိဒ္ဓတ္ထလှိုင် တိပ်ခွေ) June 2, 2011

Filed under: MUSIC,OTHERS' WRITINGS,PHOTOS — Nyo Gyi @ 1:13 pm

>သိဒ္ဓတ္ထလှိုင် တိပ်ခွေ (သို့မဟုတ်) သုခမိန်လှိုင် တိပ်ခွေ
ဂျွန်၊ ၁၉၇၇

ကျနော် ချစ်ခင် ခံစားရတဲ့ ကဗျာ ဆရာငယ် “မောင်သစ်မင်း” ရဲ့ “တေးမြုံငှက်” မှာ ဒီ “တိပ်ခွေ” ကိုဖွင့်ဘို့ ပေးလိုက်ပါတယ်။ ကျနော်ရဲ့ “အနုပညာများ” နဲ့ “တိပ်ခွေ” ကို ရဘို့ ကြိုးပမ်းခဲ့ရစဉ် “၇” နှစ်ကာလထဲမှာ ဆင်းရဲမှုများ၊ ပင်ပန်းနွမ်းကြေ ခဲ့ရမှုများ၊ ခြောက်သွေ့ရှတတဲ့ နေ့များကို ဖြတ်သန်းခဲ့ကြရတဲ့ “သိဒ္ဓတ္ထလှိုင်” ရဲ့ “ဝေေ၀”၊ “တာရာသိဒ္ဓတ္ထ” နဲ့ “ဒဏ္ဍာရီဝေေ၀” တို့ကို ကျေးဇူးတင်ခဲ့ကြောင်းကိုတော့ “ဟောဒီကမ္ဘာကြီး” ဟာ မရှိခဲ့တော့ရင်တောင်မှ တုန်ခါပဲ့တင်ထပ်နေမဲ့ အသံတသံအဖြစ် ထားရစ်ခဲ့ပါတယ် ။

သိဒ္ဓတ္ထလှိုင်

(မူရင်းသတ်ပုံအတိုင်း)

———————————–
မောင်သစ်မင်း၏ တေးမြုံငှက် ၀တ္ထုစာအုပ် (ပထမအကြိမ်ထုတ် – ၁၉၇၇) ၏ ရှေ့ပိုင်းတွင် ဖော်ပြပါရှိခဲ့သော သုခမိန်လှိုင် (ထိုစဉ်က “သိဒ္ဓတ္ထလှိုင်” ကလောင်အမည်နှင့်) ၏ “သိဒ္ဓတ္ထလှိုင်တိပ်ခွေ” ကို ဖော်ပြပေးလိုက်ပါသည်။

မောင်သစ်မင်း၏ နောက်အကြိမ်ထုတ်(ပြန်ရိုက်) “တေးမြုံငှက်” ၀တ္ထုစာအုပ်များတွင်တော့ “သိဒ္ဓတ္ထလှိုင် တိပ်ခွေ” ကို ထည့်သွင်းဖော်ပြခြင်း မရှိတော့ပါ။

ချစ်ခင်စွာ…
ညိုကြီး

From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
From Siddhārtha Hlaing Tape (or) Thu Kha Main Hlaing Tape
 

Current Burma & Kin Won Min Gyi’s Poem December 27, 2010

Filed under: OTHERS' WRITINGS — Nyo Gyi @ 7:56 am

ယနေ့ ဗမာပြည် အခြေအနေနှင့် ကင်းဝန်မင်းကြီး၏ တိဏ္ဍုကပျို့
ကင်းဝန်မင်းကြီးလည်း တိဏ္ဍုကဇာတ်တော်ကို ပျို့ဖွဲ့ခဲ့ရာ တိဏ္ဍုကပျို့ ပိုဒ်ရေ(၉)တွင် 
ဇာတ်တော်၏ အဓိကအချက်ဖြစ်သော မင်းနှင့်မင်းမှီစိုးကပ်တို့ မွှေ၍ ပြည်လေးမျက်နှာ သွက်သွက်ခါဖြစ်ပုံကို…
"ခုနစ်ဖြာအင်၊ အကြီးတင်၍၊ မင်းတွင်သေချာ၊ မစေရာသား၊ 
လူမှာလူယုတ်၊ လူအစုတ်ကို၊ ဥက္ကဌကြီး၊ တင်ပြီးထိုရော်၊ 
ခန့်ထားသော်လည်း၊ မလျော်တုံမြို့၊ မှူးမတ်တို့ကား၊ ဆယ်ဖို့တဆ၊ 
အမျှမျှဖြင့်၊ သမ္မတစဉ်လျှောက်၊ မြတ်ရွှေမှောက်တို့၊ ခံကောက်ခွဲယူ၊ 
နည်းရှိမူလည်း၊ မထူစွာဘိ၊ ရမိရစေ၊ ရွှေငွေမက်မော၊
ရမ္မက်ပြော၍၊ ရက်ရောလှစွာ၊ ကိုချမ်းသာက၊ သတ္တ၀ါဗိုလ်ခြေ၊ 
ညက်ကြေပြုန်းတီး၊ ဆုံးရှုံးကြီးလျက်၊ မီးနှင့်အတူ၊ ပူလင့်ကစား၊ 
သနားမတဲ့၊ စားမကဲ့သို့၊ ချဲ့ချဲ့ထွင်ထွင်၊ ခေါ်ငင်မင်းစေ၊ 
ကြိမ်းများထွေဖြင့်၊ မွှေမွှေနှောက်နှောက်၊ ပြုတုံမြောက်၍၊ တောက်လုဘနန်း၊
နေရှိန်မြန်းသား၊ ပန်း၏သဖွယ်၊ ကွယ်ခဲ့သုခ၊ ပခဲ့တရား၊
ပါးခဲ့ဗြဟ္မစိုရ်၊ များထိုထိုနှင့်၊ ခိုရာမရ၊ နေ့ကာလ၌၊ 
ဖျက်ထမင်းစေ၊ ညရောက်ချေလည်း၊ မွှေသည့်ခိုးသား၊ လွန်မြောက်မြားလျက်၊
တရားမဲ့လတ်၊ ယွင်းခဲ့လွတ်မှ၊ ဖွတ်ဖြစ်မိကျောင်း၊ မြစ်ကြောင်းမချမ်း၊
အကျင့်သွမ်းသို့၊ စူးစမ်းမဲ့လတ်၊ မှူးမတ်မည်မည်၊ အကြီးတည်၍၊
ပြည်လေးမျက်နှာ၊ သွက်သွက်ခါသည်၊ ချမ်းသာမယှဉ် ကွာစေတည်း"
ဟူ၍ စပ်ဆိုထားပါသည်။
——————————————–
ရာပြည့်စာအုပ်တိုက် ၁၅ နှစ်ပြည့် အမှတ်တရစာစဉ် ၁၂ 
ရွှေကိုင်းသား (1912-1987) ၏ ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာပေနှင့် အခြားစာတမ်းများ စာအုပ်
ပထမအကြိမ် (သြဂုတ်၊ ၂၀၁၀)ပါ…
မြန်မာစာပေနှင့် ပန်းချီအနုပညာ ဆောင်းပါး [စာပေနှီးနှောဖလှယ်ပွဲ စာတမ်းများ (၁၉၆၄)။ မိုးဦးပန်းစာပေတိုက်၊ မန္တလေး။ စာ (၁၄-၄၂)] မှ … ကူးယူဖော်ပြသည်။