MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>Rights and Freedom in Prison January 4, 2009

Filed under: MYANMAR INDEPENDENCE DAY TOPIC,OTHERS' WRITINGS,UN — Nyo Gyi @ 9:11 am

>

လူ့အခွင့်အရေးထောင် (သို့မဟုတ်)
လွတ်လပ်စွာနေရသော ထောင်

– ယမထာ

ယခု နှစ်ဆယ့်တစ်ရာစု ခေတ်ကြီးထဲ၌ လွတ်လပ်စွာ နေရသော ထောင်ရှိသည်ဆိုလျှင် စာရှုသူ အဆွေတို့ ယုံကြည်ကြပါမည်လော။

ရှိခဲ့ပါသည်။ တကယ်ရှိခဲ့ပါသည်။ ရှိခဲ့သည်။ ယခု နှစ်ဆယ့်တစ်ရာစုမရောက်မီ လွန်ခဲ့သော ၁၉၄၆ ခုနှစ်ခန့်ကပင် ကျွန်ုပ်တို့ လူသား ကမ္ဘာမြေပေါ်မှ လူသားများနေထိုင်ရာ တိုင်းပြည်တစ်ပြည်တွင် ရှိခဲ့ပုံကို

အောက်တွင် ဆက်လက် ရှုစားပါ။
(ယခု အချိန်ထိ ရှိမရှိကို စာရှုသူ သုတေသီ ပညာရှင်များ ဆက်လက်လေ့လာကြစေလိုပါသည်။)
——————————————————————————————–

“အုဠ်တံတိုင်းကာတိုင်း ထောင်မဖြစ်” ဟု ထင်ရှားသော အင်္ဂလိပ်ကဗျာရှိရာ သြစတြေးလီယားပြည်၊ ကွင်းစလန်နယ်၏ မြို့တော် ဘရစ္စဘိန်းမြို့မှ မိုင် ၃၀ ကွာဝေးသော “ပါလန်း-ကရစ်” အရပ်ရှိ အကျဉ်းထောင်မှာ ထိုစာပိုဒ်ကလေးနှင့် တပြေးတည်း ညီညွတ်လှပေသည်။ အကြောင်းသော်ကား ထိုထောင်တွင် သံတိုင် သံချိုင့်များ အစောင့် စန္ဒရီများ၊ အစောင့်ခွေးကြီးများမရှိ၊ အကျဉ်းတိုက်ခန်းကလေးများ ပြုလုပ်ကာ အုဠ်တံတိုင်းကာရံထားခြင်း မရှိပေ။ ထောင်အ၀င်ပေါက်တွင် “တံခါးပြန်ပိတ်ခဲ့ပါ” ဟူသော စာဆွဲထားခြင်းကို ထောက်သဖြင့် ၀င်ချင်ဝင် ထွက်ချင်ထွက် လွတ်လပ်ခွင့် မည်မျှ ရှိသည်ကို သိသာပေသည်။

ထောင်ကျနေသူတို့မှာ အချုပ်ခန်းနှင့် မနေကြရပေ။ ၈ ပေ စတုရန် ကျယ်သော ကိုယ့်တဲနှင့်ကိုယ် နေကြရ၍ “စပရိန်”မွေ့ရာ၊ ကုလားထိုင်၊ စားပွဲ၊ လေသာပြူတင်းနှင့် နေကြရလေသည်။
(ယခုခေတ် ကျွန်ုပ်တို့ ရန်ကုန်စသော မြို့ကြီးများရှိ မိသားစုများနေကြရသော အခန်းငှားများဖြင့် နှိုင်းယှဉ်ကြည့်ကြစေလိုပါသည်။)
ဤသို့ ပြုလုပ်ပေးထားခြင်းမှာ “အလင်းရောင် ရစေရန်” ဖြစ်ပေသည်။ အလင်းရောင်ကို ပိတ်ဆို့ထားခြင်းကို မလိုလားချေ။

ထောင်ကျနေသူတို့မှာ သူခိုးကလေးမှ လူသတ်တရားခံအထိ ဖြစ်၏။ ယခုရှိနေကြသော လူသတ်မှု ကျူးလွန်သူများမှာ ၈ ဦးရှိရာ ထိုသူတို့သည် ဖောက်ထွင်းထွက်ပြေးလိုက ဘယ်အချိန်မဆို ထွက်ပြေးနိုင်ကြ၏။

သို့သော် တစ်ယောက်မျှ မပြေးကြချေ။ ၁၁ နှစ်အတွင်း ဤထောင်ထဲသို့ ကျရောက်လာသူ ၁၀၀၀ ကျော်အနက် ၆ ယောက်လောက်သာ ထွက်ပြေးရန် ကြိုးစားဘူးလေသည်။
(ဤသို့ ဆိုလျှင် ၄၆ ခုနှစ်မှ နောက်သို့ ပြန်၍ ရေတွက်သည်ရှိသော် ၁၉၃၅ ခုနှစ်မှ ဤထောင်ကို စတင်သည်ဟု သိရာ၏။ သို့အတွက် လူ့အခွင့်အရေးကြေညာစာတမ်းမဆိုထားဘိ ကုလသမဂ္ဂအဖွဲ့ပင် မပေါ်ပေါက်သေးကြောင်း သတိချပ်ရာ၏။)

ဤထောင်သို့ ၀င်နိုင်ရန်မှာ အကျဉ်းခံရသူသည် ထွက်ပြေးရန် အားမထုတ်ပါ။ အကျင့်စာရိတ္တ မဖောက်ပြားပါဟု ဂတိပေးရလေသည်။ ထိုသို့ ဂတိပေးပြီး ၀င်ရောက်ခွင့်ရသည့် နေ့မှ စ၍ ထိုသူသည် ဥပဒေအရ “ထောင်သား”ဟူသော မိမိအဖြစ်ကို မေ့ပျောက်စွာနေနိုင်အောင် အရာရာအဘက်ဘက်က စီမံပြုလုပ်ပေးခြင်းကို ခံစားရလေသည်။

ထိုသူမှာ ထောင်အ၀တ်အစား မ၀တ်ရ။ ထောင်အစောင့်အရှောက်တို့ကိုလဲ ထောင်မှူးကြီး သခင်ကြီး စသည့် အခေါ်မျိုးဖြင့် မခေါ်ဘဲ “ဂျွန်” “ဟယ်ရို” စသဖြင့် မိတ်ဆွေရင်းကဲ့သို့ နာမည်ကို အဖျားဆွတ်၍ ခေါ်ခွင့်ရှိကြသည့်ပြင် “ထောင်”ဟူသောစကားနှင့် ၄င်း၏ ဆိုင်ရာ အသုံးအနှုန်းတို့ကို အပြောအဆို မရှိကြချေ။

စည်းကမ်းအချုပ်အချယ်ကိုလည်း နည်းပါးနိုင်သမျှ နည်းပါးအောင် ပြုလုပ်ထားလေသည်။ ထိုသူတို့သည် နံက်စောစော ထကြရ၍ စားဖိုဆောင်တွင် အများနှင့် ရောနှော နံက်စာစားကြပြီးနောက် နေ့လည်စာ ထုပ်ပိုးသယ်ယူ၍ “အလုပ်”ဆင်းကြရသည်။ အလုပ်မှာ ဥယျာဉ်စိုက်ပျိုးခြင်း၊ သစ်ပင်ကြံပင် ခုတ်လှဲခြင်းများဖြစ်၍ ညနေ ၅ နာရီတွင် ပြန်၍ ၀င်ကြရရာ တံခါးပြန်၍ ပိတ်ခဲ့ဘို့ မမေ့ကြချေ။

ညာစာစားပြီးနောက် ဘိလိယက် (သို့မဟုတ်) စစ်တုရင်ထိုးခြင်း၊ စာကြည့်ခန်းတွင် စာအုပ် သတင်းစာဘတ်ခြင်း၊ ရေဒီယို နားထောင်ခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်နိုင်ကြလေသည်။ တားမြစ်ထားသော ကစားနည်းတစ်ခုတည်းသာ ရှိရာ၊ ၄င်းမှာ ဖဲကစားခြင်း ဖြစ်သည်။ ထို့နောက် ၉ နာရီ မထိုးမီ အိပ်ယာ ၀င်ကြရသည်။

လူတစ်ယောက်လျှင် တနေ့ အလုပ်လုပ်ခ ၄ ပဲ ရ၍ ထောင်မှ ထွက်သည့်အခါ သုံးစွဲရန် ဘဏ်တွင် အပ်ပေးထားလေသည်။
(ကျွန်ုပ်တို့ တိုင်းပြည်၊ အင်္ဂလိပ်လက်အောက် လွတ်လပ်ရေးကာလမှ ထောင်ကျနေသော နိုင်ငံရေး သုခမိန် ဘကြီးဘဖေတို့ ဒေါက်တာဘမော်တို့ ထောင်တွင်း နေရစဉ် တလ လခ ၅၀၀ိ ရကြသည်နှင့် နှိုင်းယှဉ်ကြည့်စေလိုသည်။)

ထောင်မှ ထွက်သည့်အခါ တိုင်း၍ချုပ်ပေးသော ၀တ်စုံတ်စုံနှင့် အလုပ်ကိုပါ ရှာ၍ ပေးလေသေးသည်။ အလုပ်ရှင်ကိုလည်း သူ့အကြောင်းအသိပေးထားသဖြင့် ထိုသူမှာ တနေ့နေ့ “ဘူး”ပေါ်၍ အလုပ်ထုတ်ပစ်ခံရမည်ကို ကြောက်လန့်နေရန် မရှိတော့ချေ။ အလုပ်ရှင်သည် အကြောင်းသိထားသဖြင့် “လမ်းဖြောင့်” တို့ကိုသာ ကူညီ အားပေးလေတော့သည်။

ဤသို့အားဖြင့် အကျိုးကိုသာ ဖြစ်စေသည့်အလျောက် ဤကဲ့သို့ ထောင်များ ပြုလုပ်လျက်ရှိကြလေပြီ။ ဤစံနစ်အရ ထောင်စရိတ် အကုန်အကျလည်း လွန်စွာ နည်းပါးပြီး ထောင်မှ ထွက်၍ နောက်ထပ် ရာဇ၀တ်မှု ပြုခြင်း အလွန်နည်းလေသည်။
——————————————————————————————–

၁၉၄၆ ခုနှစ်၊ ၅ လပိုင်းထုတ် “ဇ၀န” ဂျာနယ်မှ ကူယူဖော်ပြအပ်သော ဤဆောင်းပါးကို ဖတ်ရှုရခြင်းဖြင့် လူ့အခွင့်အရေးဟူသည် စာရွက်ပေါ်၌ရှိနေခြင်းကို ခေါ်သည်မဟုတ်။ လူစိတ်ရှိသော လူသား အချင်းချင်း ကိုယ်တိုင် ဒိဋ္ဌ ကျင့်သုံးရခြင်းသာလျှင် လူ့အခွင့်အရေးအစစ်ဖြစ်ကြောင်း စာရှုသူများ ရိပ်မိတန်လောက်ပြီဟု ယုံကြည်မိပါသည်။

သို့အားလျော်စွာ ယခုကဲ့သို့ တိုးတက်ယဉ်ကျေးလာသော ဂလိုဘယ်ခေတ်ကြီး၌ လူ့အခွင့်အရေး ကျင့်သုံးသော ဗမာပြည်ထောင်များ ပေါ်ပေါက်ပါစေ ဟု ဆုတောင်း အပ်ပါသတည်း။

ယမထာ

(၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်နေ့တွင် ကျရောက်သော
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းအတည်ပြုခြင်း နှစ် (၆၀)ပြည့် နှင့်
၂၀၀၉ ခုနှစ်၊ ဇန်န၀ါရီလ၊ ၄ ရက်နေ့တွင် ကျရောက်သော ဗမာပြည်၏ (၆၁) နှစ်မြောက် လွတ်လပ်ရေးနေ့များအတွက် (၇၄) နှစ်ပြည့် လူ့အခွင့်အရေးထောင်အကြောင်း ပြန်လည် တင်ဆက်အပ်ပါသည်။)

——————————————————————-——————————

Family members of Myanmar prisoners wait in front of Insein Prison, north of Yangon (AFP PHOTO)

———————————————————————————————————-

Advertisements
 
Rights and Freedom in Prison

ခေတ်သစ် သင်္ကြန်စာ January 9, 2008

Filed under: MYANMAR INDEPENDENCE DAY TOPIC,OTHERS' WRITINGS — Nyo Gyi @ 10:38 am
(ကျွန်တော့် Email ဆီကို သူငယ်ချင်း တစ်ယောက် လက်ဆင့်ကမ်းပေးပို့လိုက်တဲ့ “ခေတ်သစ် သင်္ကြန်စာ” လေးကို ဖော်ပြပေးလိုက်ပါတယ်။ -ညိုကြီး)

DOWNLOAD

သျှီ …သျှီ… ဤနေ့ဤရက်ကား မင်္ဂလာအပေါင်း ခညောင်းသည့် ငါတို့ လွတ်လပ်ရေး နှစ်ခြောက်ဆယ်ပြည့် အခါသမယပေတည်း။

နှစ်ခြောက်ဆယ်ပြည့် လွတ်လပ်ရေး၏ အနှစ်သာရကား ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်(သားငါးမပါ)၊ ဖယောင်းတိုင် (မီးပျက်သောကြောင့်)၊ အချုပ်ကား၊ လက်ထိပ်၊ ထောင်ဝင်စာတို့ ဖြစ်အံ့။ လွတ်လပ်ရေး ရအောင် တိုက်ယူပေးမိသော သခင်ကြီးများသည် လွတ်လပ်ရေးကာလက လူမဖြစ်သေးသော ယခု ယူနီဖောင်းဝတ် သတ္တ၀ါအများက မိမိတို့သာ လွတ်လပ်ရေး ကျေးဇူးရှင်များဖြစ်ကြောင်း ပြောဟော လွှင့်ထုတ် နေကြသည်ကို ကြားရရှာအံ့။

ကန်တော်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းသည် နောင်လာနောက်သားတို့အား “ဒုတိယလွတ်လပ်ရေးကို လက်နက်နဲ့တော့ ယောင်လို့မှ မတိုက်လေနဲ့။ တိုက်ပေးတဲ့ စစ်တပ်ကို တသက်လုံး ကျေးဇူးတင်လို့မဆုံး ရှိခိုးနေရမယ်”ဟု လက်ဝါးကာပြတားမြစ်အံ့။

ဤရက်ဝယ် မြန်မာပြည်သား လူအများတို့သည် ထမင်းကို အမျိုးမျိုး အဖုံဖုံသော အသီးအရွက်တို့ဖြင့် စားကြအံ့။ မြစိမ်းရောင် လွှမ်းသော မြေ၌ ထမင်းဝိုင်းသည်လည်း မြစိမ်းရောင် အသွင်ဆောင်အံ့။ အိမ်ရှင်မတို့သည်
အိမ်ဦးနတ်နှင့် သားသမီးများအား သက်သတ်လွတ် စားကြရန် ဟောပြော စည်းရုံးအံ့။ သို့မဟုတ်ပါကလည်း ခြေလေးချောင်းသား ရှောင်ကြဉ်ရန် စည်းရုံးအံ့။

ငါးမြစ်ချင်း၊ ငါးပုတ်သင်နှင့် ရေသတ္တ၀ါ အသေးအမွှား မှန်သမျှ မြန်မာအိမ်ရှင်မတို့နှင့် ကျွမ်းဝင်အံ့။ (မှတ်ချက် – ငါးခူ၊ ငါးကျည်း၊ ငါးကြင်း၊ ပုစွန်တုတ်ကြီးများ မပါ။) မဟာသင်္ကြန် မကျရောက်သေးသော်လည်း သင်္ကြန်စာပါ ကြိုဟောရလျှင် ကြက်တို့၏ အဓိပတိကား ဈေးသက်သာသော စီပီကြက်၊ ခြေလေးချောင်းတို့၏ အဓိပတိကား အဆီများ အစားခံသော ၀က်၊ လူတို့၏ အဓိပတိကား ဆန်သည်၊ ကောက်ပဲသီးနှံတို့၏ အဓိပတိကား ကန်စွန်း၊ ထမင်းဝိုင်း၏ အဓိပတိကား အချိုမှုန့် ဖြစ်အံ့။

ရွှေဆိုင်ရှင်၊ ရတနာဆိုင်၇ှင်၊ ဖက်ရှင် အ၀တ်အစားဆိုင်ရှင်အများသည်ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီးနှင့် မြေးများ မိမိတို့ဆိုင်သို့ မျက်စိလည် လမ်းမှား၍ လာရောက် အားမပေးရန် ဆုတောင်းကြရလတ္တံ့။ လာအားပေးလျှင် တပြားမှ မပေးဘဲ ကြိုက်ရာ အကုန်မ,၍ ဆိုင်မှ ထွက်သွားကြကြောင်း သတင်းကြီးသောကြောင့်တည်း။

တပ်မတော်သည် နိုင်ငံတော်အတွက် နေ့မအားညမအား ရသမျှ အကုန်ခိုးခြင်း၊မျိုခြင်း၊ ဆို့ခြင်းတို့ဖြင့် အလုပ်များရှာအံ့။ ၀ါသနာပါလျက် ပြည့်တန်ဆာ မဖြစ်ရရှာသူတို့သည် ဗိုလ်ကတော်ဖြစ်ရန် အားထုတ်အံ့။

မြန်မာပြည်သား လူအများတို့သည် ကျန်းမာရေး လိုက်စားအံ့။ ဘတ်စကားခ ဈေးကြီး၍ လမ်းလျှောက်ကြကုန်သောကြောင့်တည်း။ အိုလံပစ် လမ်းလျှောက်ပြိုင်ပွဲတွင် မြန်မာတို့ နိုင်ငံနှင့်ချီ၍ ပါဝင်ယှဉ်ပြိုင်လျှင် အထူး ဗိုလ်စွဲအံ့။

သွားပါများ ခရီးရောက်ဟူသော မောင်ပေါက်ကျိုင်းစကားကို မြန်မာတို့ အထူး လိုက်နာအံ့။ ပြည်ပချည်းသာ ထွက်ဖို့ စိုင်းပြင်းလတ္တံ့။ လူငယ်တို့ နှုတ်ဖျားဝယ် ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ စင်ကာပူ နိုင်ငံများ ကြီးစိုးအံ့။ ပတ်စပို့ မတတ်နိုင်သူတို့ကား မလေးရှားသို့ ရေကြောင်းမှ ချီတက်အံ့။ သို့မဟုတ် ထိုင်းနိုင်ငံသို့ ကုန်းကြောင်းမှ ချီတက်အံ့။

ဘာသာစကား သင်တန်းများ ခေတ်စားအံ့။ အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ထိုင်း၊ တရုတ် စကားများ သင်ကြားလိုသူ ပေါအံ့။ မြန်မာတို့ မသင်ကြားလိုသော တိုင်းခြား ဘာသာစကားများကား ဆိုမာလီ၊ ရ၀မ်ဒါ၊ လာအို စကားတို့တည်း။

လွတ်လပ်ရေး နှစ် ၆၀ ပြည့်သည့် ၂၀၀၈ နှစ်ကာလ၀ယ် မြန်မာတို့သည် ကွန်ပျူတာအား မည်သို့မည်ပုံ ဖွင့်ရကြောင်း၊ ခလုတ်မည်သို့ နှိပ်ရကြောင်း သင်တန်းများတက်၍ ငွေကုန်ခံ သင်ယူနေကြသည်ကို အံ့သြဖွယ် တွေ့ရှိရအံ့။ ဘီလ်ဂိတ် သိသော် ရင်ကျိုးဖွယ်တည်း။

စားအုန်းဆီ ကျေးဇူးကြောင့် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ အသည်းအဆီဖုံးခြင်း စသည်များ တိုးပွားအံ့။ ဤကား တပ်မတော်အစိုးရ၏ ကျေးဇူးတည်း။ တပ်မတော်သည် လပိုင်းအတွင်း ပျက်သော လမ်းများကို အံ့ဘနန်း တည်ဆောက်အံ့။ တပ်မတော်အစိုးရ လက်ထက်တွင် နှစ်စဉ် လမ်းပြင်ရအံ့။ အကြောင်းမှာ သူတပါး နိုင်ငံတွင် ၁၀ နှစ် မှ တခါ ပြင်ရသော လမ်းများကို တပ်မတော်အစိုးရ ကယ်တင်ထားသော မြန်မာနိုင်ငံတွင် နှစ်စဉ် ပြင်ရသောကြောင့်တည်း။

ပြည်သူတို့သည် ငါးပိရည် တို့စရာတို့ဖြင့်လည်းကောင်း၊ စစ်ဗိုလ်ကြီးငယ်တို့သည် ကြက်ပေါင်ကိုက် ဘီယာကျိုက်၍လည်းကောင်း လွတ်လပ်ရေး အရသာကို အသီးသီး ခံစားကြကုန်အံ့။

ပြည်သူတို့ ခံစားရမည့် လွတ်လပ်ရေး၏ အရသာကား အချိုမှုန့် များအံ့။ သားငါးနည်းအံ့။ ဆန်ကြမ်းအံ့။ လက်ဖက်ရည်ဖြစ်မူ ချက်နို့ဆီလွှမ်းအံ့။ လွတ်လပ်ရေး ရသည်မှ နှစ်ပေါင်းခြောက်ဆယ် ပြည့်အပ်သော် မြန်မာနိုင်ငံသည် နွားနှင့် လယ်ထွန်နိငု သည်အထိ ကမ္ဘာကို ရင်ဘောင်တန်းအံ့။

လျှပ်စစ်မီး တီထွင်ခဲ့သူ သောမတ် အယ်ဒီဆင်ကို မြန်မာတို့ နေ့စဉ် ဂုဏ်ပြုအံ့။ အယ်ဒီဆင်၏ ချက်ကြွေ အမေရိကားတွင် ၎င်းမွေးနေ့ရောက်တိုင်းသာ နယူးယောက်တမြို့လုံး ခေတ္တ မီးအမှောင်ချ၍ ဂုဏ်ပြုသော်လည်း မြန်မာနိုင်ငံသည် ညစဉ်၊ ရံခါ ညလုံးပေါက် ဂုဏ်ပြုအံ့။ အမြဲ မီးပျက်နေသဖြင့် အယ်ဒီဆင်သည် မြန်မာနိုင်ငံတွင် အမြဲ ဂုဏ်ပြုခံရသူ ဖြစ်လတ္တံ့။

ဆိုမာလီ၊ ကင်ညာ၊ ဇင်ဘာဘွေ နိုင်ငံတို့သည် ၎င်းတို့ ဆွတ်ခူးထားအပ်သော ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံအဖြစ်ကို မြန်မာနိုင်ငံက လုယူဆွတ်ခူးမည့်ဘေးနှင့် ရင်ဆိုင်ရအံ့။ ဘောလုံးပွဲတွင် နိုင်ငံတကာကို ရှုံးသော တပ်မတော် အစိုးရသည် ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖလားကို နိုင်ငံအတွက် ဆွတ်ခူးပေးနိုင်ရန် ကြီးစွာ အားထုတ်လတ္တံ့။

x x x

အာဏာရှင်များကို အစွယ်ရိုက်ချိုးခြင်း

Filename: Thingyan Sar -1-2008
Directory: E:\DEMOCRaCY\Letter
Template: C:\Documents and Settings\aungthu\application Data\Microsoft\Templates\Normal.dot
Title: သျှီ
Author: aungthu
Creation Date: 1/8/2008 2:41 PM
Change Number: 1
Last Saved On: 1/8/2008 2:43 PM
Last Saved By: aungthu

ခေတ်သစ် သင်္ကြန်စာ

Filed under: MYANMAR INDEPENDENCE DAY TOPIC,OTHERS' WRITINGS,SATIRE — Nyo Gyi @ 10:38 am

>ခေတ်သစ် သင်္ကြန်စာ

MYANMAR INDEPENDENCE DAY TOPIC January 6, 2008

Filed under: GENERAL AUNG SAN,MYANMAR INDEPENDENCE DAY TOPIC — Nyo Gyi @ 5:54 pm
(နယ်ချဲ့များလက်မှ လွတ်မြောက်ကာ ကျွန်တော်တို့မြန်မာပြည်ကြီး လွတ်လပ်ရေးရရှိသော ၁၉၄၈ ခုနှစ် ဇန်န၀ါရီ (၄)ရက်နေ့တွင် ကြေညာအပ်သော “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”ကြီးကို ပြန်လည် ဖော်ထုတ် တင်ပြလိုက်ရပါသည်။ ယခုခေတ် မြန်မာပြည်စစ်အဆိုးရ လုပ်ကိုင်ကျင့်ကြံနေပုံများမှာ “ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”ပါ ရည်ရွယ်ချက်များနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဖြစ်နေပုံကို တွေ့ရှိနိုင်ပါသည်။
စာလုံးပေါင်းသတ်ပုံများကို ယခုခေတ်မြန်မာစာလုံးပေါင်းသတ်ပုံများအတိုင်း ပြုပြင်ထားပါသည်။
– ညိုကြီး)

(ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ ပုံရယူပါသည်)

“ဗမာ့လွတ်လပ်ရေး ကြေညာစာတမ်း”

အောင်စေသတည်း…။

၁။ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလ်လပြည့်ကျော်(၉)ရက် (အင်္ဂလိပ် သက္ကရာဇ် ၁၉၄၈ ခုနှစ်၊ ဇန်န၀ါရီလ (၄)ရက်၊ တနင်္ဂနွေနေ့ ကောင်းမြတ်သန့်စင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံသောအခါ၌ ဤ ငါတို့ မြန်မာပြည်သည် လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်သို့ ရောက်ပြီ…။

၂။ ဤငါတို့မြန်မာနိုင်ငံတော်ကြီးသည် လိုရာမက ပြည့်စုံလှ၍ ဘူမိနက်သန်မှန်သော မြေထူးမြေမြတ်လည်း ဖြစ်၏။ မွန်မြတ်သန့်စင်သော တရားထူးတရားမြတ်တို့တည်ရာ မြေကောင်းမြေမြတ်မွန်လည်း မှန်၏။ မြေတွင်းမြေပြင် အထူးထူးသော ရတနာအပေါင်းတို့နှင့် ပြည့်စုံသဖြင့် သတ္တ၀ါမြတ်အပေါင်းတို့ ဆွတ်ယူစားသုံး ကမ္ဘာဆုံးသော်လည်း သုံးမကုန်နိုင်သော ပဒေသာအစစ် အနှစ်သာရပြည့်စုံသော မြေလည်းဖြစ်၏။ ဘူမိနက်သန် မှန်လှထူးချွန် ဤမြေမွန်မြေမြတ်၌ ရှမ်း၊ ကချင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင် စသည်ဖြင့် တစ်သွေးတစ်သားတစ်မိဖွားဖြစ်ကြကုန်သော ငါတို့သည် နှစ်ပေါင်းထောင်ရာ သင်္ချာပွားတက် ရေတွက်ခြင်းငှာ မတတ်နိုင်ရာသော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ တညီတညွတ် တစုတရုံး လွတ်လပ်သော လူမျိုးအဖြစ် တည်ခဲ့ကြကုန်၏။ တကောင်းသရေခေတ္တရာ ပုဂံ မြင်စိုင်း စစ်ကိုင်း ပင်းယ အင်းဝ ကုန်းဘောင် ထိုနောင် မန္တလေး အထိ ငါတို့၏ လွတ်လပ်ရေးသည် နေရောင်လ၀ါတဲ့ပမာသို့ တဖြာဖြာ တ၀င်းဝင်း ကမ္ဘာချဉ်းအောင် ထွန်းလင်းခဲ့ပေ၏။ သို့ရာတွင် ကမ္ဘာ့တန်ဆာ ကာလအသင်္ချေ တည်နေအပ်သော နေမင်းသူရိယာ လစန္ဒာတို့ပင် ဆီးနှင်းမြူတိမ် ဖုံးအုပ်၍ ခဏခေတ္တ အရှိန်အ၀ါ ညှိုးလျှော်နွမ်းလျ မထွန်းမပ ဖြစ်သကဲ့သို့ ငါတို့လွတ်လပ်သော မြန်မာနိုင်ငံတော်ကြီးသည်လည်း လွန်ခဲ့သော နှစ်ပေါင်းလေးရာက ဥရောပတိုက်မှ ထွက်ပေါ်လာ၍ တစ်ကမ္ဘာလုံးကို ရစ်ပတ် ဖုံးအုပ်ခဲ့သော နယ်ချဲ့ဝါဒကြီးနှင့် မရှောင်မကွင်းသာ ကြိုက်ကြုံ တွေ့ဆုံမိ၍ ပထမအင်္ဂလိပ်-မြန်မာစစ်၌ မန္တလေး ရတနာပုံ သုံးကြိမ်သုံးတန် ချအပ်ရခြင်းဖြင့် ဤမြေထူးမြတ်၌ နှစ်ပေါင်းထောင်ရာ စောင့်ထိန်း၍ လာခဲ့ကြသော ငါတို့၏ လွတ်လပ်သော ငါတို့လက်မှလွတ်၍ လက်အောက်ခံဘ၀သို့ လုံးဝရောက်ခဲ့ကြရသည်။ သို့သော် နေမင်းသူရိယာ လစန္ဒာတို့ကို ဆီးနှင်း မြူတိမ်တို့သည် မည်သို့ပင် ဖုံးလွှမ်းစေကာမူ နေလတို့၏ အရှိန်အတောက်ကို မခံနိုင်ရဲကာ ခေတ္တမျှနှင့်ပင် လွင့်စင်ကွယ်ပျောက်၍ နေ၀ါ လရောင်သည် ပကတိ အသရေကို ပြန်၍ ဆောင်နိုင်လေသကဲ့သို့ ငါတို့အပေါ်၌ လွှမ်းဖုံးအပ်သော နယ်ချဲ့ဝါဒသည် ငါတို့၏ ကမ္ဘာရှည်မြင့် ရင့်မာလှသော လွတ်လပ်ရေးစိတ်ဓာတ်၏ အရှိန်အတောက်ကို မခံနိုင်ရကား ခြောက်ဆယ့်တစ်နှစ် တစ်လနှင့် တစ်ရက်သော အခိုက်အတန့်ကလေးမှာပင် အလိုအလျောက် ကွယ်ပျောက်သွားရသဖြင့် ဤနေ့ဤအခါမှစ၍ ငါတို့သည် အသူရိန်ခံတွင်းမှ ရှင်းရှင်းကြီး လွတ်မြောက်အပ်သော လပြည့်ဝန်းပမာ သန့်ရှင်းစင်ကြယ်ချမ်းမြေ့သာယာစွာဖြင့် လုံးဝလွတ်လပ်သော ဘ၀ထူးဘ၀မြတ်ကို လက်ဆုပ်လက်ကိုင် အပိုင်ရရှိကြပြီ…။

၃။ ယခု ငါတို့ရရှိအပ်သော လွတ်လပ်ရေးသည် ရေတွင် ရုပ်ရေး မြသွေးကောင်းကင် တိမ်တင်သကဲ့သို့သော လွတ်လပ်ရေးမဟုတ်ပါ။ ငါတို့အား လွတ်လပ်ရေးလမ်းစဉ်သို့ ညွှန်လည်းညွှန်ပြ လမ်းစရှာကြံ အမြန်ရောက်အောင် ပို့ဆောင်ခဲ့ကြပေသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အ၀၀သော ခေါင်းဆောင်မှူးတို့၏ မဆုပ်မနစ်သော လုံ့လ မလျှော့သော ၀ီရိယ ဆီမီးတန်ဆောင်တို့ကဲ့သို့ ထွန်းပအပ်သော ဥာဏ်မျက်စိ ၀ရဇိန်သွားကဲ့သို့ စူးရှသော သတ္တိတို့ကြောင့် အဟံမမ သံပကြုံးဝါး အခြားအခြား လွတ်လပ်သော နိုင်ငံကြီးတို့နှင့် တန်းတူ မြူတစ်ခြမ်းမျှ မလျှော့မလို ထိုထိုဆိုသော တန်ခိုးရှိန်ဝါ တေဇာအပေါင်းတို့နှင့်ပြည့်စုံသော အချုပ်အခြာတည်းဟူသော အာဏာထူးအာဏာမြတ် ငါတို့လက်ကိုင် အပိုင်ရရှိကြပြီ…။

၎။ ငါတို့သည် တစ်မျိုးတစ်ဘာသာ တစ်စိတ်တစ်ဒေသ ကောင်းကျိုးချမ်းသာကို မလိုလား…။ ကျောသားရင်သား သူကားငါကား ခွဲခြားခြင်းကို အလိုမရှိ၊ မြစ်ချောင်းသီတာ သမုဒ္ဒရာတောင်တန်းတို့ဖြင့် ကမ္ဘာ့ဓမ္မတာ သဘာဝအပိုင်းအခြား ထင်ရှားစွာ သတ်မှတ်အပ်သော ရာဇ၀င်ရှည်ဝေး ရှေးပဝေဏီမှစ၍ ယခုထက်တိုင် မြန်မာနိုင်ငံသားဟု သမုတ်အပ်သူ တိုင်းရင်းသားအပေါင်းတို့ ဇာတိချက်ကြွေ နေထိုင်ကြရာ မြန်မာနိုင်ငံတစ်ဝှန်းကို တစ်သွေးတစ်သားတည်းဟူသော ကကြိုးထူး၊ တစ်စိတ်တစ်ဝမ်းတည်းဟူသော ကကြိုးထူး၊ အလိုအလျောက် သဘာဝအထောက်အပံ့ဖြင့်သာလျှင် ဖြစ်ပေါ်အပ်သော စေတနာတည်းဟူသော ကကြိုးထူး ဤအကျိုး(၃)ပါးနှင့် ကမ္ဘာဆုံးတိုင် တည်တန့်ခိုင်မြဲအောင် ရစ်ပါတ်ဖွဲ့စည်းအပ်သော ပြည်ထောင်စုအဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ…။

၅။ ငါတို့နိုင်ငံတော်ကြီးသည် မည်သူတစ်ဦးတစ်ယောက်တဖွဲ့တသင်း၏ အမွေအနှစ်မဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ပုဂ္ဂလိကအပိုင် ပစ္စည်းမဟုတ်။ မည်သူတစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်သင်း၏ ချုပ်ကိုင်အနိုင်သိမ်းယူ အကျိုးခံစားအပ်သော နိုင်ငံမဟုတ်။ အတိတ်ကာလက၄င်း ယခု မျက်မှောက်တွင်၎င်း နေင်လာလတ္တံ့သော အနာဂါတ်ကာလ၌၄င်း ငါတို့ပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော ကြီးငယ်ဝေးနီး ကျားမ မခြား သစ္စာတော်ခံ နိုင်ငံသားဟူသရွေ့တို့ အမွေအနှစ်အပိုင်ပစ္စည်း ကျိုးခံစားရသည် ဟူသော လူ့ဘာသာ လူ့တရားနှင့်အညီ ကမ္ဘာဦးကာလ လူအပေါင်းတို့၏ ပထမစည်းရုံးမှု၌ လူအပေါင်းတို့၏ သဘောဆန္ဒအရ လူအ၀ှမ်းတို့၏ အကျိုးကို ကောင်းစွာ ဆောင်ရွက်နိုင်သော ပုဂ္ဂိုလ်ကို ရွေးကောက်၍ သမ္မတ တင်မြှောက်ကြသော မဖောက်မပြန် မစွမ်းမပြီ ပကတိ သန့်ရှင်းဖြူစင်သော မူလလူဝါဒနှင့် လျော်ညီစွာ စည်းကမ်းဥပဒေ သေချာထင်ရှား ပိုင်းခြားသတ်မှတ် တူညီသောတရား တူညီသော အခွင့်အရေး တူညီသောအဆင့်အတန်းအားဖြင့် ကမ္ဘာအရှည် တည်စိမ့်သောငှာ လူအပေါင်းတို့၏ ဆန္ဒသာလျှင် အဓိကဖြစ်သော သမ္မတမြန်မာနိုင်ငံတည်းဟူသော မြတ်သော အဖြစ်ကို လက်ဆုပ်လက်ကိုင် ငါတို့အပိုင်ရပြီ…။

၆။ သိကြကုန်လော့…ယနေ့ မင်္ဂလာနိုင်ငံတော်ကြီးကို တည်ထောင်ပြီ…။ ငါတို့လွတ်လပ်ရေးနှင့် ငါတို့နိုင်ငံတော်ကြီး၏ သစ္စာကို ကမ္ဘာဆုံးတိုင် မယိမ်းမယိုင် တည်ဆောက်မည်….။ ငါတို့သည် လွတ်လပ်သော နိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာ့လွတ်လပ်သော နိုင်ငံအပေါင်းတို့ တရားသဖြင့် ကျင့်ဆောင်အပ်သော ကျင့်ဝတ်ကို စောင့်ရှောက် ကျင့်ဆောင်ပါမည်။ ငါတို့၏ လွတ်လပ်ရေးကို ငါတို့ချစ်မြတ်နိုးသည်နှင့်အညီ တစ်ပါးသူတို့၏ လွတ်လပ်ရေးကိုလည်း ငါတို့လေးစားစောင့်စည်းမည်…။ ငါတို့သည် ငြိမ်းချမ်းရေးကို အလိုရှိသည်နှင့်အညီ ငါတို့ကဲ့သို့ လိုလားသူများနှင့်အတူ လက်တွဲ၍ ကမ္ဘာ့ငြိမ်းချမ်းရေးကို ကာကွယ်စောင့်ရှောက်မည်…။ ဤငါတို့ ကြေငြာချက်ကို တစ်ကမ္ဘာလုံး တစ်ယောက်မကျန် ကြားသိစေသတည်း…။ ။

MYANMAR INDEPENDENCE DAY TOPIC