MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

HEART FOR ART, HEART FOR PEACE By Kyaw Thu January 26, 2010

Filed under: KYAW THU,OTHERS' WRITINGS,PHOTOS — Nyo Gyi @ 5:24 pm
ကက်ကင်း
(ရုပ်ရှင်မင်းသား၊ ပရဟိတသမား၊ ပြည်သူ့ဘက်တော်သား၊ မိစ္ဆာဆန့်ကျင်ရေးသမား
“ကျော်သူ” ၏ “ကက်ကင်း” စာစုကို သူ၏ FACEBOOK စာမျက်နှာမှ ကူးယူဖော်ပြသည်)

ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း….။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း…။
ပျော်လိုက်ရသည်ဖြစ်ခြင်း….။

လွန်ခဲ့သည့် ( ၅ ) နှစ်ကျော်…နှစ်သစ်ကူးရက်များနှင့် ရုပ်ရှင် အနုပညာသည်များ၏ မှတ်တိုင်များ

စိုက်ထူခဲ့ကြသည့်ည….။
အကယ်ဒမီည။
ထိုနေ့…ထိုညများသည် မိမိနှင့် မသက်ဆိုင်တော့။

ရုပ်ရှင်အနုပညာလောကနှင့် တဖက်သက် ကွားရှင်းပြတ်စဲ ပြီးစီးခဲ့သည်မှာ ( ၂ ) နှစ်ကျော် ( ၃ ) နှစ်ထဲသို့ ၀င်လာခဲ့ပြီ ဖြစ်သည်။

အကြောင်းရင်းစစ်သော် ဗုဒ္ဓဘာသာဝင် တစ်ယောက်၏ လုပ်ရိုးလုပ်စဉ် တစ်ရပ်ပေါ် အခြေခံသွားသည်။

မိမိသည် အော်ဟစ်ဆူပူသောင်းကျန်း မိသူမဟုတ်။
မိမိသည် လက်သီးလက်မောင်းတန်းဖို့ နေနေသာသာ
လက်နှစ်ဘက်ကို မိမိပခုံးထက်ထိပင် မ မခဲ့။

ရှိစေတော့…ကိုယ့်ကံနှင့်ကို ကမ္ဘာမြေကြီး ပေါ်ရှိ မြန်မာပြည်ကြီး ထဲသို့ရောက်လာခဲ့ပြီးကိုး။
သို့သော် ကျေးဇူးတင်ပါသည် အမိမြန်မာပြည်။

ကျေးဇူးကြီးလှပါသည် ( အဘ ) ဘဘဦးသုခ။
မိမိ၏ ပိရိတ်သတ်၊ မိမိ၏ ကျေးဇူးရှင်များ၊ မိမိနှင့် ပါဝင်ပက်သက်ခဲ့ ဖူးသော ခင်ပွန်းကြီး ( ၁၀ ) ပါး။
မိမိထက်နိမ့်ကျသူများ၊ မိမိထက်မြင့်မားသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာတူသူများ၊ မိမိနှင့် ကိုးကွယ်ရာ ဘာသာမတူသူများ၊ မိမိလေးစား သည့်မိတ်ဆွေများ၊ မိမိရွံရှာခဲ့သော ရန်သူများနှင့် အမိမြန်မာ ပြည်သူ ပြည်သား များအပြင် နိုင်ငံရပ်ခြားမှမိမိတို့ မြန်မာပြည်အတွင်း တွင်ဘ၀ပြောင်းသွားသောသူများ…အားလုံး ..အားလုံး…ငြိမ်းချမ်း လှပအဆင်ပြေမှုရှိအောင် အခမဲ့ အသုဘ ၀န်ဆောင်မှုဖြစ်သော နာရေးကူညီမှု အသင်း(ရန်ကုန်) တည်းဟူသော လူမှုရေးအသင်းအဖွဲ့ပေါ်ပေါက်လာအောင် စတင်ဖွဲ့စည်း မျိုးစေ့ချ ပေးခဲ့သော ဘဘ ဦးသုခ၏ကျေးဇူးနှင့် တရားသဘော (အနိစ္စ၊ ဒုက္ခ၊ အနတ္တ)ကို လွယ်ကူစွာရှာဖွေ ဖော်ထုတ်ပေးခဲ့သော အမိမြန်မာပြည်၏ ကျေးဇူးတရားများပင်ဖြစ်တော့သည်။

“သေသောသူသည် သုဿန်သို့ သက်သက်သာသာသွားသင့်သည်။ ” …… မဟုတ်ပါလား။
သို့သော်

အများအကျိုး ရွက်သယ်ပိုးက
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မငဲ့မစောင်း ကိုယ့်လမ်းကြောင်းကို
စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့….။

ဟူသော ရွှေဟင်္သာဆရာတော်ကြီး၏ ဆုံးမသြ၀ါဒ အတိုင်းပင်ဖြစ်ခဲ့သည်။

ဘဘ(ဦးသုခ)၏ ဖေးမမြှင့်တင်မှုစွမ်းအားနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် ငွေအား၊ လူအား၊ဥာဏ်အားနှင့် ကိုယ့်ထမင်းကိုယ်စား ကိုယ့်စားရိတ်နှင့်ကိုယ်သွား၍ ပြည့်သူ့အကျိုး ထမ်းဆောင် မှုပြုကတည်းက…မိမိနှင့် ရုပ်ရှင်မရိုက်ချင်သော ကုမ္ပဏီများ၊ ဒါရိုက်တာများ၊ မင်းသမီးများ ထူးဆန်း အံ့သြဖွယ် ပေါ်ထွက်လာခဲ့သည်။ ပြည်သူကျွေးသောထမင်းကိုစားပြီး ပြည်သူ့အရေးကိစ္စကို မျက်ကွယ်ပြု၍ မိမိအား ရွံရှာသူ၊ မင်္ဂလာ မရှိသူ၊ လာဘ်ပိတ်သူအဖြစ် သတ်မှတ်အကျင်ခံခဲ့ရပါသည်။

လွန်ခဲ့သော (၂) နှစ်ကျော် အချိန်ကာလမှစ၍ ယခုလက်ရှိအချိန်တွင်တော့ မိမိ၏ အချို့သော အနုပညာ လောကသားများသည် မိမိအား တစိမ်းတစ်ယောက်၊ မမြင်ဖူးသောသူတစ်ယောက်၊ အန္တရာယ်ရှိသူ တစ်ယောက်၊ အဖက်မတန်သောသူတစ်ယောက်၊ရွံရှာဖွယ် ကြောက်ရွံ့ဖွယ် တစ်ယောက်ကဲ့သို့ ဖြစ်သွားပြန် ပါပြီ။ ယခင်က ညီအစ်ကိုမောင်နှမသဖွယ် ဆက်ဆံကူညီဖေးမခဲ့သောသူများပင် လမ်းတွေ့လျှင် မခေါ်ရဲ၊ မခေါ်ချင်၊ မပြောရဲ၊ မပြောချင်၊ မမြင်ချင်ဟန် ဆောင်သွားကြသည်။ တယ်လီဖုန်းလေးပင်ဆက်၍ စကား ပြောဖော်မရှိတော့။

တော်လိုက်သည့် …….. အနုပညာရှင်
ပြောင်မြောက်လိုက်သည့် …… …… အနုပညာရှင်
ထူးချွန်လိုက်သည့် …….. အနုပညာရှင်

များပင်ဖြစ်တော့သည်။

အရင်းစစ်သော်..ဖန်တီးရှင်၊ တန်ခိုးရှင်၊ ကံဇာတ်ဆရာကြီး၏ တန်ခိုးအာဏာ အစွမ်းထက်မှုကြောင့်ပင်ဖြစ်တော့သည်။

ပီတိဖြစ်လိုက်ရသည်ဖြစ်ခြင်း….။
ရင်ခုန်လိုက်ရသည်ဖြစ်ခြင်း…။
ပျော်လိုက်ကြသည်ဖြစ်ခြင်း….။

ယခင်နှင့်ယခု မတူတော့…။
ယခင် အနုပညာလောကမှာ လှုပ်ရှားမှုများက………. အတ္တဟိတ။
ယခု လူမှုရေးလောကမှာ လှုပ်ရှားမှုများက………....ပရဟိတ။
ယခင်နှင့်ယခု ကွာခြားလှသည်…..။ မိမိ၏ ရင်ထဲ၊ နှလုံးသားထဲ၊ ဦးနှောက်ထဲ ယခုပေါ်ပေါက်လာသည့် ပီတိ၊ ရင်ခုန်မှုအပျော်တို့သည် မိုးနဲ့မြေဖြစ်ခဲ့ပါပြီ ဘဘဦးသုခပြောခဲ့ဖူးပါသည်။ ဆုံးမခဲ့ဖူးပါသည်။

မောင်ကျော်သူ…..မင်းအီတလီဝန်ကြီးချုပ်ကိုသိလား? (မသိပါ)
…..မင်းပြင်သစ်သမ္မတကိုသိလား? (မသိပါ)
……မင်းချာလီချက်ပလင်ကိုသိလား? (သိတာပေါ့)

အေး…..အဲ့ဒါပဲကွ..အနုပညာသည်ဆိုတာ လူတိုင်းသိတယ်။ စစ်မှန်တဲ့အနုပညာသည်ဆိုတာ လူတိုင်းလေးစားတယ်။
ဒါကြောင့်….အနုပညာသည်လုပ်တဲ့….အကျိုးပြုလုပ်ငန်းဆိုတာ…”အောင်မြင်ရမယ်” တဲ့။

ဘဘဦးသုခစကားသည်………...
မိမိအတွက် အားဆေးတစ်ခွက်ပင်ဖြစ်တော့သည်။
ဒါကြောင့် ထိုအချိန်မှစ၍ မိမိသည်….အသက်မရှိသူတို့နှင့်သာ ပတ်သက်သွားတော့သည်။
မိမိသည်…..လူတိုင်းမသွားချင်သော သင်္ချိုင်းသုဿန်သို့ အမြဲသွားနေသည်။
မိမိသည်…..လူတွေမေ့ချင်ယောင်ဆောင်မှုကို သိလာသည်။
မိမိသည်…..လူတွေမသိသောအရာများကို မြင်လာသည်။

ထို့ကြောင့်- မိမိ၏ အနုပညာနှလုံးသားကို ငြိမ်းချမ်းမှုအတွက် စတေးပစ်လိုက်တော့သည်။
ဤတွင်….ကျေးဇူးရှင်ဘဘ (ဦးသုခ) ကမ္ဘာမြေပြင်မှမထွက်ခွါခင် မိမိအား ပြောကြားခဲ့သည့် နောက်ဆုံးစကားရပ်ကို ကြားယောင်မိပါသည်…။

“မောင်ကျော်သူ…မင်းနဲ့ဘဘက အကျိုးပေးတယ်…ကက်ကင်း” တဲ့
ဟုတ်ပေသားပဲ….
သုခ ၊ ကျော်သူ ။
(သောကြာ+တင်္နလာ) ၊ (တနင်္လာ+သောကြာ)

ကျော်သူ ၊ သုခ ။
(တနင်္လာ+သောကြာ) ၊ (သောကြာ+တင်္နလာ)။

ထိုအခါ…မိမိ၏ဦးနှောက်ထဲ ဖျတ်ခနဲပေါ်လာ၍ ဆတ်ခနဲပြန်ပြောမိသည်။
“ ဟာ..ဘဘ…ဒါဆို ကျနော်က သင်္ချိုင်းနဲ့လည်း အကျိုးပေးတာပေါ့…”
ကျော်သူ၊ သင်္ချိုင်း။ သင်္ချိုင်း၊ကျော်သူ လေ”…။
“ မှန်လိုက်လေ…… ဟုတ်လိုက်လေ….မောင်ကျော်သူရယ်တဲ့..” တဲ့
ဟုတ်ပါတယ်…. မောင်မောင်(ကျော်ဝင်း) ဆိုတဲ့လူတစ်ယောက် ကမ္ဘာမြေပြင်ကိုရောက်လာပြီး “ကျော်သူ” ဟူသော အမည်နာမနှင့် ဘ၀ဘ၀တွေကို ဖြတ်သန်းကျော်ဖြတ်တဲ့ အချိန်မှစပြီး ပေးဆပ် လိုက်ရတဲ့ ပေးဆပ်မှုတွေ….“ကက်ကင်း”ကိုက်ပြီး သင်္ချိုင်းမြေနှင့် အကျိုးပေးခဲ့ရသည်မှာ ယနေ့တိုင်….။

မိမိပီတိဖြစ်လိုက်ရသည်……….ဖြစ်ခြင်း။
မိမိရင်ခုန်လိုက်ရသည်……….ဖြစ်ခြင်း။
မိမိပျော်လိုက်ရသည်……….ဖြစ်ခြင်း။

သို့သော်…အားလုံး..အားလုံး..အလုံးစုံတို့သည်…အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

တရားသိသလိုလို..တရားရှိသလိုလိုနဲ့
ဝင်လေထွက်လေရပ်ပြီး
ငါ့နောက်မလိုက်ခဲ့နဲ့။

ကျော်သူ
(၂၊ ၁၁၊ ၁၉၅၉) မှ (—– ၊—– ၊——–)

http://www.facebook.com/note.php?note_id=263104062913&ref=mf

INTERVIEW WITH KYAW THU (F. F. S. S) August 16, 2008

Filed under: KYAW THU — Nyo Gyi @ 11:41 am
အကူအညီ လိုအပ်နေ (အင်တာဗျူး)
နန်းဒေဝီ
ကြာသပတေးနေ့၊ သြဂုတ်လ 14 2008 14:17 – မြန်မာစံတော်ချိန်

(နာရေး ကူညီမှုအသင်း – ရန်ကုန် ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဆက်သွယ် မေးမြန်းချက်)

အခမဲ့ ကျန်းမာရေး စောင့်ရှောက်နေသည့်အပြင် သေဆုံးသူ ဆင်းရဲသားများအတွက်ပါ အသုဘ ယာဉ်မောင်းကာ လိုက်လံ သဂြုင်္ိဟ်ပေးနေသော နိုင်ငံကျော် ရုပ်ရှင်မင်းသားကျော်သူ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။

အသင်းကြီးသည် ရန်ကုန်တိုင်းအတွင်း သေဆုံးသူ ရာချီရှိသည့် အရေအတွက်ကို လစဉ်နီးပါး လိုက်လံသဂြုင်္ိဟ် ပေးနေသလို၊ သုခ ကုသိုလ်ဖြစ် ဆေးခန်းကလည်း နေ့စဉ်နှင့်အမျှ လူနာပေါင်း ၁၅ဝ ကျော်ကို အခမဲ့ ကုသပေးရင်း လည်ပတ်လာခဲ့သည်။ သို့သော် လာမည့်နှစ် ဇူလိုင်လတွင် ဆေးခန်းနေရာ ပြောင်းရွှေ့ပေးရမည် ဖြစ်သဖြင့် အဆောက်အဦးသစ် တည်ဆောက်ရန်အတွက် ကျပ်ငွေသိန်းပေါင်း ၁၂ဝဝ ခန့် လိုအပ်နေသည်ဟု သိရသည်။

အခြေအနေကို သိရှိနိုင်ရန်အတွက် အသင်း ဥက္ကဋ္ဌ ဦးကျော်သူကို နန်းဒေဝီက ဆက်သွယ် မေးမြန်းထားသည်ကို တင်ပြလိုက်ပါသည်။

မေး။ နောက်နှစ် ဇူလိုင်လကုန်မှာ ကိုကျော်သူတို့ရဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းဟာ သင်္ကန်းကျွန်းမြို့နယ် ဘုန်းကြီးကျောင်းကနေ ပြောင်းရွှေ့ပေးရမယ်လို့ ကြားလို့ပါ။

ဖြေ။ ဟုတ်ပါတယ်ခင်ဗျာ။ သင်္ကန်းကျွန်း ကျောင်းထိုင်ဘုန်းကြီး ကိုယ်တိုင်က ရွှေ့ပေးဖို့ ပြောလာတဲ့ အတွက်ကြောင့် ပြောပါတယ်။ ဒါကြောင့် မြောက်ဒဂုံမြေကွက်မှာ တနှစ်အတွင်း ၃၁၊ ၇၊ ၂ဝဝ၉ ခုနှစ်အတွင်းမှာ ကျနော်တို့ ရွှေ့ပေးရမှာ။ ကျနော်တို့ အဆောက်အဦး ဟိုမှာ ပြန်ဆောက်ရမယ်။

လောလောဆယ်တော့ ပလပ်စတစ် အမှိုက်ပုံ ဖြစ်နေတယ်။ မြေက ကျယ်တယ်၊ ၂ ဧက ကျယ်တယ်။ နိုင်ငံတော်ကပဲ ချပေးထားတာပါ။ ကျနော်တို့ တိုင်ရိုက်ပြီး ဆောက်ရမယ်။ အဆောက်အဦးအတွက် အလှူငွေ လိုအပ်နေတာပါ။ လောလောဆယ်တော့ ဝင်းတော့ ခတ်ထားပြီးပြီ။

မေး။ ဘာကြောင့် ရွှေ့ခိုင်းတာလဲရှင့်။

ဖြေ။ ကျောင်းထိုင်ဆရာတော်က သူ့စာသင်သားတွေ ထပ်ထည့်ဖို့ လုပ်နေတာဆိုတော့။ ကျောင်းက ပရိယတ္တိ စာသင်တိုက်ဆိုတော့လေ။ စာသင်သားတွေ ထပ်တိုးချဲ့ဖို့ ရှိတယ်ဆိုတော့ နေရာအခက်အခဲ ရှိနေတော့ ကျနော်တို့ ရှိနေတဲ့ အတွင်း နေရာလေး ရွှေ့ပေးဖို့ အဲလို ပြောလာလို့ပါ။

မေး။ ဘုန်းကြီးကျောင်းမှာ နာရေးကူညီမှုအသင်း ဖွင့်ခဲ့တာ ဘယ်လောက်ကြာပြီလဲ။

ဖြေ။ ကျနော်တို့စလုပ်ခဲ့တာ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလကနေ စလုပ်ခဲ့တာ ဒီနေ့အထိပါ။

မေး။ လတ်တလော အရေးပေါ် ဘာလိုအပ်လဲရှင့်။

ဖြေ။ ကျနော်တို့ လောလောဆယ် အဆောက်အဦး ဆောက်ဖို့ အလှူငွေ လိုအပ်နေတာပါ။ အဆောက်အဦးက ရုံးအဆောက်အဦး လိုမယ်။ အလှူခံဌာန၊ ဆေးခန်းလိုမယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အခမဲ့ ဆေးခန်း (သုခကုသိုလ်ဖြစ် ဆေးခန်း) ပါ ရွှေ့ပေးရမှာမို့ပါ။ အဲဒီ အဆောက်အဦးတွေအတွက် အလှူငွေ လိုနေတာပါ။ အဆောက်အဦး မရှိလို့ မဖြစ်ပါဘူး။

မေး။ အဆောက်အဦးတွေအတွက် ကုန်ကျစရိတ် ဘယ်လောက် ခန့်မှန်းထားပါသလဲ။

ဖြေ။ ဆေးခန်းမပါဘဲ ရုံးအဆောက်အဦးပဲဆိုရင် မြန်မာကျပ်ငွေသိန်း ၁၂ဝဝ လောက်လိုမယ်။ အဆောက်အဦးက မရှိရင် မဖြစ်ပါဘူး။ အဲဒါသာ ပြီးသွားရင်တော့ ဆေးခန်းတော့လည်း ဖြစ်လာမှာပါ။ အဲလို ဖြစ်သွားရင်တော့ တကယ်ကုချင်တဲ့ လူနာတွေ ကျနော်တို့ရှိတဲ့ နေရာဆီကို အရောက်လာမှာပါ။

အလှူရှင်တော်တော်များများ ပြည်တွင်းကနေ လှူနေကြပါတယ်။ နာရေးအတွက်ဆို နာရေးအတွက် လှူတယ်။ ဆေးခန်းအတွက်ဆို ဆေးခန်း၊ အဲလို လှူကြတယ်။ အဆောက်အဦး ဆောက်မယ်ဆိုတာတော့ လူတွေ သိပ်မသိကြသေးဘူး။ လူတွေသိအောင် ကျနော်တို့ ကြိုးစားနေတာပါ။ ကျနော်တို့က နာရေးအတွက် လှူရင် နာအရေးအတွက်ပဲ သုံးတယ်။ ဆေးခန်းအတွက်လှူရင် ဆေးခန်းအတွက် သီးသန့် လိုင်းခြားထားတော့ ကျနော်တို့အတွက် အဲဒီ အခက်အခဲတွေ ရှိနေတာ။

မေး။ အဆောက်အဦးအတွက် အလှူရှင်တွေရော ခေါ်ထားတာ မရှိဘူးလား။

ဖြေ။ အခုမှ ကျနော်တို့စပြီး လုပ်မလို့ပါ။ ဝဘ်ဆိုဒ်တွေမှာ တင်ဖို့လုပ်နေတာပါ။

မေး။ အခမဲ့ ကုသပေးတဲ့ သုခကုသိုလ်ဖြစ် ဆေးခန်းကို လူနာတွေ အလာများလား။

ဖြေ။ တော်တော်လာကြပါတယ်။ တရက်ကို လူနာ ၁၅ဝ ကနေ ၂ဝဝ အထိ လာတယ်။ မနက်ပိုင်းကနေ စပြီးတော့ ညနေအထိပေါ့။ အားလုံးကို အခမဲ့ ကုသပေးနေပါတယ်။ မျက်စိခွဲ၊ အရိုးအကြော၊ ကလေးအထူးကု၊ အမျိုးသမီး အထူးကု၊ Ultra sound အခမဲ့ ရိုက်ပေးပါတယ်။

မေး။ နာရေးကူညီမှုအသင်း ဖြစ်လာပုံလေး ပြောပြပါအုံးရှင့်။

ဖြေ။ ကျနော်တို့ စစချင်းတော့ အလုပ်အမှုဆောင်တွေ အပါအဝင် ၁၂ ယောက်၊ ၁၅ ယောက်လောက်နဲ့ စခဲ့တာပါ။ မန္တလေး ဗြဟ္မစိုရ်အသင်းက နာရေးကို စခဲ့တာ။ ကျနော့်အမျိုးသမီး ဒေါ်ရွှေဇီးကွက်ရဲ့ အဒေါ် ပါတယ်။ သူ့အဒေါ်က ရန်ကုန်မှာလည်း လုပ်ချင်နေတဲ့အခါမှာ ဘဘ ဦးသုခ ကနေပြီးတော့ နာရေးကူညီမှု အသင်း ဖွဲ့ရင် ကောင်းမယ်ဆိုပြီးတော့ ပြောတယ်။ အဲဒါနဲ့ ဘဘအိမ် သွားကြပြီးတော့ ကျနော်တို့ မတည်ငွေတွေ ထည့်ဝင်ကြပြီးတော့ ကျနော်တို့ စလုပ်ကြတာပါ။

ဘဘ ဆေးရုံတက်တုန်းက အမေအိုတယောက်က ဆင်းရဲနွမ်းပါးတဲ့အတွက် မိသားစုဝင်တွေက လာလာကြည့်တယ်။ တရက်ကျတော့ ဆရာဝန်က အမေအိုကြီးကို အိမ်ပြန်ခေါ်သွားတော့ အစွမ်းကုန် ကုပြီးပြီ၊ မရတော့ဘူး ဆိုပြီးတော့ ပြောလိုက်တဲ့ နောက်ပိုင်းတော့ မိသားစုဝင်တွေ ပြန်လာမကြည့်တော့ဘူး။ မလာတဲ့အဆုံး ဆေးရုံကနေ ပိုင်ရှင်မဲ့ သဂြုင်္ိဟ်လိုက်ရတယ်။ အဲဒီ မိသားစုဝင်တွေ အနေနဲ့ အမေအိုအတွက် ကျွေးမွေးစရိတ်၊ ကုသစရိတ်၊ သဂြုင်္ိဟ်စရိတ် မတတ်နိုင်တဲ့အတွက် ဒီလို ပစ်ထားခဲ့တာ ဖြစ်တဲ့အတွက်၊ ဘဘ ဦးသုခကနေပြီးတော့ မဖြစ်တော့ဘူး။ ငါတို့ ဗုဒ္ဓဘာသာမှာ နာရေးကူညီမှုအသင်း ဖွဲ့မှဖြစ်မယ်။ ဒီ့ပြင် ဘာသာတွေမှာ ရှိတယ် ဆိုပြီးတော့ စခဲ့တာပါ။

မေး။ အလုပ်စလုပ်တုန်းက အခက်အခဲ ဖြစ်တဲ့ဟာမျိုးလေး။

ဖြေ။ တချို့ဆိုရင် မသေဘဲနဲ့ သူငယ်ချင်း အချင်းချင်း နောက်ချင်တာနဲ့ ကျနော်တို့ကို ဖုန်းဆက်ပြီးတော့ ဘယ်လမ်း၊ ဘယ်အိမ်မှာလာပြီး အလောင်းလာသယ်ပါ ပြောလို့ ကျနော်တို့ သွားတဲ့အခါကျတော့ အဲဒီလူနဲ့ တိုက်ရိုက်တိုးတာမျိုး ရှိတယ်။ အဲလို နောက်တာမျိုးတွေနဲ့ ကြုံခဲ့ရတယ်။ နောက်တော့ ကျနော်တို့ သဂြုင်္ိင်းလက်မှတ်ဆိုတာကို တောင်းတယ်။ အမှတ်စဉ်ပေါ့။ ကျန်းမာရေးဌာနကနေ ထုတ်ပေးတဲ့ စာရွက်ကို တောင်းတယ်။ အဲဒါ မှန်ကန်မှပဲ ကျနော်တို့ သွားတော့တယ်။

အခုဆို တနေ့ ၄ဝ ကနေ ၄၅ လောင်းအထိ လိုက်သဂြုင်္ိဟ်ပေးနေရတယ်။ အားလုံး အခမဲ့ ဆောင်ရွက်ပေးတာပါ။ ဆင်းရဲ၊ ချမ်းသာမရွေး အကုန်လုပ်ပေးပါတယ်။

မေး။ အခမဲ့ နာရေးလုပ်ဆောင်ခဲ့တာ ၇ နှစ် ရှိခဲ့ပြီဆိုတော့ အခက်အခဲဆုံး အရာတခုကို ပြောပြပါလား။

ဖြေ။ အခက်အခဲဆုံး အရာဆိုရင် အရင်တုန်းကဆိုရင် ရပ်ကွက်တွေထဲ ဝင်တယ်ဆိုရင် ညာဘက်က နေဝင်တယ်ဆိုရင် ဘယ်ဘက်က မထွက်ရဘူး။ အယူသည်းတာတွေ ရှိတာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ ဘယ်ဘက်ကနေ ထွက်တယ်ဆိုရင် ဘယ်ဘက်က လူတွေ သေမဲ့သူတွေ ရှိတယ်ပေါ့လေ။ အဲလို အယူသည်းတာတွေ ရှိခဲ့တယ်။ အခု အဆင်ပြေသွားပါပြီ။

မေး။ နာရေးကူညီမှုအသင်းက အတိုင်းအတာတခုထိ တိုးတက်မှုရှိလာပြီလို့ ပြောနိုင်ပြီလားရှင့်။

ဖြေ။ တိုးတက်ပါတယ်။ အများကြီး တိုးတက်လာပါတယ်။ ကျနော်တို့ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီကဆိုရင် အလောင်း ၄ဝ ပဲ သဂြုင်္ိဟ်ပေးခဲ့ရတယ်။ အခု ၂ဝဝ၈ ခုနှစ် ဇန်နဝါရီဆိုရင် အလောင်း ၁ဝ၅၂ လောင်း သဂြုင်္ိဟ်ပေးခဲ့ရတယ်။ ကူညီမှုအပိုင်းက တော်တော် မြင့်မားလာပါတယ်။

မေး။ နောက်ထပ် နာရေးကူညီမှု အသင်းအတွက် စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်လာနိုင်အုံးမလဲရှင့်။

ဖြေ။ နောက်ထပ် ဘာတွေ ဖြစ်လာအုံးမလဲဆိုတာ ကျနော်တို့ မသိရသေးပါဘူး။ ဘယ်လို ဖြစ်လာအုံးမယ် ဆိုတာလည်း မပြောနိုင်သေးတော့ ကျနော်တို့ကတော့ ကိုယ့်ဟာကိုယ်နေ၊ ယောဆရာတော် ဟောထားတဲ့အတိုင်း၊ ကိုယ်ပြုသော ကံအတိုင်း ကိုယ့်ဆီပြန်လာမယ် ပြောတဲ့အတိုင်းပဲ ကျနော်တို့ ကောင်းမှုကုသိုလ် လုပ်ပေးနေပါတယ်။

မေး။ အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းမှာ အလုပ်လုပ်တဲ့သူ စုစုပေါင်း ဘယ်လောက်ရှိနေလဲ။

ဖြေ။ သူနာပြု ဆရာမကြီး ၂ ယောက်နဲ့ နာ့စ် Nurse တွေ ၄ ယောက်လောက် ရှိပါတယ်။ ဆရာဝန်တွေ အားလုံးကတော့ ကိုယ့်စရိတ်နဲ့ကိုယ် လာကုပေးတဲ့သူတွေပါ။ ကျနော်တို့ မငှားရပါဘူး။ သူတို့ အသိစိတ်ဓာတ်နဲ့ သူတို့ လာကူညီပေးနေတာပါ။

(အင်တာဗျူးကို http://burmese.mizzimaphoto.com/interview/1529-2008-08-14-08-00-58.html မှ ကူးယူဖော်ပြသည်။)

—————————————————————————————
Website Address of F.F.S.S (Free Funeral Services Society) – http://www.ffssyangon.com/

>INTERVIEW WITH KYAW THU (F. F. S. S)

Filed under: KYAW THU — Nyo Gyi @ 11:41 am

>