>
စင်ပေါ်ပြန်တက်ခဲ့တဲ့ လေးဖြူ နှင့် မန္တလေးက Iron Cross စတိတ်ရှိုးပွဲ
(ဇန်န၀ါရီ ၂၄-၂၅၊ ၂၀၀၉)

ပြည်သူ့အချစ်တော် အဆိုတော် လေးဖြူသည် မည်သည့်အကြောင်းကြောင့်မှန်း အသေအချာမသိရဘဲ ‘ကျွန်တော် စတိတ်ရှိုးမဆိုတော့ပါဘူး’ ဟုဆိုကာ စတိတ်ရှိုးလောကမှ (၃) နှစ်ခန့် ပျောက်ကွယ်နေခဲ့ပြီး သီချင်းခွေများထုတ်လုပ်၍သာ သူ၏ ချစ်သော ပရိသတ်များကို ဖျော်ဖြေနေခဲ့သည်။
သို့သော် ၂၀၀၈ ခုနှစ်၊ မေလ ၂-၃ ရက် နာဂစ်မုန်တိုင်းကြီးအပြီးမှာတော့ လူသားချင်းစာနာသည့် ပရဟိတစိတ်ဓာတ်၏ စေ့ဆော်မှုကြောင့် အဆိုတော်လေးဖြူသည် စင်ပေါ်ပြန်တက်ခဲ့သည်။ လေးဖြူနှင့် Iron Cross တေးဂီတအဖွဲ့သားများက ၂၀၀၈ ခုနှစ်၊ သြဂုတ်လ- ရန်ကုန်မြို့တွင် နာဂစ်ဒုက္ခသည်များအတွက် ရန်ပုံငွေ စတိတ်ရှိုးပွဲကြီးကို (၂)ရက်တိုင်တိုင်ကျင်းပပြီး နာဂစ်ဒုက္ခသည်များအတွက် ရန်ပုံငွေ ကျပ်သိန်း (၁၈၀၀)ခန့် ကောက်ခံပေးခဲ့သည်။
ထိုမှ ပြီးနောက်ပိုင်း အဆိုတော်လေးဖြူ စတိတ်ရှိုး ဆက်ဆိုမဆို ပဟေဠိကို ပရိသတ်က စောင့်ကြည့်နေခဲ့ရာ Alpine သောက်ရေသန့် (လွယ်ဟိန်းကုမ္ပဏီ)၏ ပံ့ပိုးမှုဖြင့် အဆိုတော်လေးဖြူ စင်ပေါ်ပြန်တက်မည်ဟူသော သတင်းများ ဂျာနယ်များတွင် ပါလာတော့မှ လေးဖြူစတိတ်ရှိုးဆိုသည်ကို ကြည့်ချင်သော ပရိသတ်များ ပျော်သွားတော့သည်။
သတင်းများအရ အဆိုတော်လေးဖြူသည် ၂၀၀၉၊ ဇန်န၀ါရီလမှ ၂၀၁၀ ဇန်န၀ါရီလ အထိ ဗမာပြည် မြို့အတော်များများတွင် Alpine Music Tour စတိတ်ရှိုးပွဲများကို အခြား IC ၀ိုင်းတော်သားများနှင့်အတူ ဆင်နွှဲမည်ဟု သိရသည်။ ဇန်န၀ါရီပြီးနောက်ပိုင်း စတိတ်ရှိုး ဆက်ဆိုမဆို မသေချာသေးပေ။
First Show at Mandalay
ပထမဆုံး Alpine Music Tour အနေဖြင့် ၂၀၀၉၊ ဇန်န၀ါရီ ၂၄+၂၅ ရက်ညများတွင် မန္တလေးမြို့၊ ဆီဒိုးနားဟိုတယ် ရေကူးကန် နံဘေး၌ ကျင်းပသွားကြောင်း သိရသည်။ လေးဖြူနှင့် အတူ အငဲ၊ မျိုးကြီး၊ ၀ိုင်ဝိုင်း၊ R ဇာနည်၊ နောနော် တို့က Iron Cross Band နှင့်အတူ မန္တလေး ပရိသတ်ကို ဖျော်ဖြေခဲ့သည်။
လက်မှတ်ဈေးကြီးလွန်းတယ်
လေးဖြူနှင့် IC စတိတ်ရှိုးကို ကြည့်ချင်သည့် မန္တလေးပရိသတ်များအတွက် အဓိက အဟန့်အတားမှာ ကြီးမားလှသည့် ဈေးနှုန်း (၃၀၀၀၀၊ ၂၀၀၀၀၊ ၁၂၀၀၀ ကျပ်) ဖြစ်သည်။ သို့သော် တတ်နိုင်သူများကတော့ အပြုံးမပျက်ဘဲ ဆီဒိုးနားပွဲကို လာကြည့်ကြသည်။ ဆီဒိုးနားဟိုတယ်ရှေ့ စတိတ်ရှိုးဝင်ပေါက်၌ မှောင်ခိုလက်မှတ်ရောင်းသူများလည်း ရှိကြောင်း သိရသည်။
(အင်တာဗျူးတစ်ခုတွင် လေးဖြူက မန္တလေး၌ သီချင်းဆိုရမည်ဆိုလျှင် `ဗထူးကွင်းဆို ရှယ်ပဲနော်´ ဟု ဖြေဆိုဖူးသည်။ ကြားသိရသော သတင်းများအရ စစ်အဆိုးရက ဗထူးကွင်းတွင် ကျင်းပခွင့်မပေးကြောင်း သိရသည်။ ဗထူးကွင်းတွင် ပရိသတ်အများအပြားဆန့်သောကြောင့် လက်မှတ်ဈေးနှုန်းများလည်း ယခုထက် ပိုနည်းဖွယ်ရှိသည်)
သနားစရာ
သနားစရာကောင်းသည်မှာ ကြီးမြင့်လှသည့်ဈေးနှုန်းကြောင့် စတိတ်ရှိုးဝင်မကြည့်နိုင်သည့် လေးဖြူနှင့် IC ကိုချစ်သော ပရိသတ်များဖြစ်သည်။ ရုပ်မမြင်ဘဲ အသံသာကြားနိုင်သော ဆီဒိုးနား ဟိုတယ် ပြင်ပ၊ စတိတ်ရှိုးကျင်းပရာနေရာ၏ နောက်ကျောဘက် ၂၇ လမ်းနှင့် ဘေး ၆၆ လမ်းများတွင်လည်း လက်မှတ်ဖိုး မတတ်နိုင်သည့် ပရိသတ် အများအပြားကို တွေ့ရကြောင်း သိရသည်။
ပွဲကြမ်းပြီ
လက်မှတ်ဝယ်ပြီး ဒုတိယနေ့ စတိတ်ရှိုးကို ကိုယ်တိုင်ကြည့်ခဲ့ရသော ပရိသတ်တစ်ဦးကတော့ သူ၏ အတွေ့အကြုံကို ယခုလို ပြန်ပြောပြပါသည်။
“ကျွန်တော်က သုံးသောင်းတန်း လက်မှတ်ဝယ်ပြီး ၀င်ကြည့်တာဗျ။ အစကတော့ ပရိသတ်က ငြိမ်နေသေးတယ်။ လေးဖြူအလှည့်လည်း ရောက်ရော နောက်က ၁၂၀၀၀ တန်းက ပရိသတ်တွေက ရှေ့က သံဆူးကြိုးအတားအဆီးတွေကိုတောင် ဖျက်ပြီး ရှေ့ကို တက်လာတော့ သုံးသောင်း၊ နှစ်သောင်းတန်းတွေလည်း ၁၂၀၀၀ တန်းနဲ့ အတူတူဖြစ်သွားတော့တာပဲဗျို့။ မန္တလေးပရိသတ်က စတိတ်ရှိုးကြည့် အကျင့်နည်းလို့ထင်တာပဲ။ အတော်ကြမ်းတယ်ဗျို့။ ဘေးနားရှိတဲ့ ရေကူးကန်ထဲ ဆင်းကူးတဲ့လူက ကူးကြ၊ ရန်ဖြစ်တဲ့လူက ဖြစ်ကြ၊ ပွဲပြီးကာနီးတော့ စင်ပေါ်ကိုတောင် ထိုင်ခုံတွေနဲ့ လှမ်းပေါက်တဲ့လူက ပေါက်ကြနဲ့။ အဆိုတော်တွေလည်း စိတ်အတော်ညစ်သွားတယ် ပြောတယ်။ အဆိုတော်တွေလည်း သီချင်းအပုဒ်ရေကို လျှော့ဆိုလိုက်ရတယ်တဲ့။ ဒီအထဲ ဟိုတယ်အပြင်ဘက်က ခဲနဲ့ လှမ်းထုတာက ပါသေးသဗျ။ စက်အဖွဲ့သားတစ်ယောက်တော့ ခေါင်းကွဲသွားတယ် ပြောတာပဲ။´´
“ပရိသတ်ကတော့ ထုံးစံအတိုင်း ဘယ်အဆိုတော် စင်ပေါ်တက်တက် လေးဖြူ … လေးဖြူ… ချည်းပဲ လှိမ့်အော်ကြတာပဲ။ အဆိုတော်တွေကတော့ အပေးအယူမျှအောင် ဖျော်ဖြေသွားပါတယ်။ လေးဖြူကလည်း မန္တလေးပရိသတ်ကို “ဒီပရိသတ်ထဲ နန်းရှေ့က ပါလား… ပိုက်ကျုံးက ပါလား… မြောက်ပြင်က ပါလား… အစသဖြင့် ရှေ့ကမေး၊ ပရိသတ်ကလည်း ပါတယ်…ပါတယ်…ပါတယ်…ပြန်အော် အစသဖြင့်ပါပဲ။ အဆိုတော်တွေနဲ့ အတူ ပရိသတ်ကလည်း သီချင်းတွေ လိုက်ဆိုနဲ့ပါပဲ။´´
Recent Comments