MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

My Blog’s 4th Year Birthday November 27, 2011

Filed under: BLOG BIRTHDAY,INTRODUCTION MYSELF,MY WRITINGS — Nyo Gyi @ 6:08 am
ညိုကြီး Blog လေးနှစ်ပြည့် မွေးနေ့ – 26, November, 2011

www.bigbbrown.blogspot.com ဆိုတဲ့ အင်တာနက်လိပ်စာနဲ့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်နေ့က
“သံဃာတော်အရေးအခင်းကစ၍ နိုင်ငံရေးလောကထဲသို့ စတင်ဝင်ရောက်ပါသည်”
ဆိုတဲ့ ပထမဆုံးသော Blog Post တစ်ခု စတင်ဖန်တီးခဲ့တဲ့ ကျွန်တော် ညိုကြီးရဲ့
Blog: Myanmar Political News, Art And Idea
သက်တမ်းဟာ ယခု ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၆ ရက်အရောက်မှာ သက်တမ်း (၄)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။

Blogger အဖြစ် ရှင်သန်နေထိုင်ဖြစ်ခဲ့တဲ့ ဒီ ၄ နှစ်တာ သက်တမ်းအတွင်းမှာ မြန်မာ့နိုင်ငံရေးလောကအကြောင်း မြည်းစမ်းခွင့်ရခဲ့ပြီး အတွေးအမြင်တွေ၊ အသိတွေ များစွာတိုးခဲ့ရတဲ့အပြင် ခင်မင်စရာမိတ်ဆွေများစွာလည်း ရရှိခဲ့ပါတယ်။

သတိထားဆင်ခြင်စရာတွေ၊ ရင်ခုန်စရာတွေ၊ စိတ်ညစ်စရာတွေ၊ ထိတ်လန့်စရာတွေ၊ အံ့သြစရာတွေ၊ အာရုံနောက်စရာတွေ၊ ဆုံးရှုံးမှုတွေလည်း ကြုံခဲ့ရပြီး ခွန်အားတွေ၊ အကြံဥာဏ်တွေ၊ ကူညီမှုတွေ၊ အားပေးမှုတွေ၊ အတွေ့အကြုံတွေကိုလည်း ရရှိခဲ့ပါတယ်။

ပြည်တွင်းက ရေးသားရတဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး Blogger တစ်ယောက်ရဲ့ အခက်အခဲဒုက္ခတွေ မသေးလှဘူးဆိုတာကိုတော့ ဋီကာချဲ့ရေးပြနေစရာတောင် မလိုလောက်ပါဘူး။

လက်ရှိဗမာ့နိုင်ငံရေးအခင်းအကျဉ်းကတော့ အားလုံးသိတော်မူတဲ့အတိုင်း အခြေအနေ သိပ်မဟန်သေးပါဘူး။ ကျွန်တော်တို့ရဲ့ Blogger နောင်တော်ရဲဘော်ကြီး နေဘုန်းလတ် အပါအ၀င် မင်းကိုနိုင်၊ အရှင်ဂမ္ဘီရစတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်မလွတ်မြောက်သေးဘူး။ အမေ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဇာဂနာ၊ ဇေယျာသော် တို့ကတော့ အကျဉ်းသားဘ၀ကလွတ်မြောက်ပြီး လှုပ်ရှားခွင့်ရနေပြီ။ တိုင်းရင်းသားတွေနဲ့ စစ်မက်ဖြစ်ပွား၊ အချင်းများနေတာတွေ မရပ်သေးဘူး။ ဆင်းရဲအသိမဲ့နေတဲ့ ပြည်သူတွေကလည်း ဆင်းရဲအသိမဲ့နေမြဲပဲ။ လူလည်လူရှုပ်တွေကလည်း လည်လို့ရှုပ်လို့ကောင်းနေဆဲပဲ။

ကနေ့ကာလမှာ တွေဝေစရာတွေပိုများလာပြီး ရန်သူမိတ်ဆွေတွေလည်း ပိုရောထွေးလာခဲ့ပါပြီ။

စစ်အာဏာရှင်တွေရဲ့ ရက်စက်ခဲ့မှုတွေ (ဥပမာ- ၈၈ အရေးအခင်း၊ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအစရှိတာတွေမှာ စစ်အာဏာရှင်တွေကြောင့် သေဆုံး၊ ပျောက်ဆုံး၊ အဖမ်းခံထိ၊ မိသားစုပျက်၊ ဘ၀ပျက်ခဲ့ရမှုတွေ)အတွက် သမိုင်းကြွေးဟာ မကြေသေးဘူး။ သမိုင်းကြွေးကို ဘယ်လိုအကြေဆပ်မလဲ၊ ဘယ်တော့အကြေဆပ်မလဲဆိုတာ သိပ်စိတ်ဝင်စရာကောင်းတဲ့ မေးခွန်းတွေပါပဲ။

မိုးကုတ်ဦးမြမောင် ဆွေမျိုးတွေအသတ်ခံရတဲ့ ရန်ကုန်၊ ငါးလောင်းပြိုင်လူသတ်မှုတရားခံ ကိုလည်း ကြံ့ ဖွတ် အစိုးရက ခုထိ မဖော်ထုတ်ပြသေးဘူး။

မတရားမှုတွေ၊ အထာမကျမှုတွေဟာ ဗမာပြည်နေရာတိုင်းမှာ ရှိနေဆဲပါပဲ။

တစ်ခါတစ်လေ သတင်းလူသားတစ်ဦးအဖြစ် ရှင်သန်နေထိုင်ရတာ မောပန်းနွမ်းနယ်လာပြီး ကိုယ့်ဘ၀အတွက်တာပဲ ကိုယ့်ဖာသာ အေးအေးဆေးဆေး ရှင်သန်နေထိုင်ချင်စိတ်လည်း ပေါက်မိပါတယ်။ ဒါပေမဲ့ အဆီအငေါ်မတည့်မှုတွေကို မျက်ကွယ်ပြုပြီး မနေထိုင်တတ်သေးသမျှတော့ သတင်းလူသားအဖြစ်ကို ရပ်စဲပစ်ဖို့ဆိုတာ အတော်လေးခက်ပါတယ်။

မတရားမှု၊ အဆီအငေါ်မတည့်မှု၊ လူလည်ကျမှုတွေ ဗမာပြည် နေရာအနှံ့မှာဖြစ်နေဦးသရွေ့တော့ ကျွန်တော်တို့လို ပြည်သူထဲက သတင်းလူသားတွေအတွက် လုပ်စရာတွေ ကုန်ဦးမှာမဟုတ်ဘူးလို့ပဲ အောက်မေ့ရပါတော့တယ်။

ခေတ်အဆက်ဆက်မှာ အဆိုးတွေရှိနေသရွေ့ အဆိုးတွေကို ဖော်ထုတ်ဖို့ ပြည်သူထဲက ပြည်သူ့သတင်းလူသားမျိုးဆက်သစ်တွေ ဆက်လက်ပေါ်ထွန်းနေဦးမယ်ဆိုတာလည်း ယုံကြည်နေမိပါတော့တယ်။

ရှေ့ဆက် ဆက်လက် လက်တွဲ တိုက်ပွဲ ၀င်ကြပါဦးစို့ !

ညိုကြီး

www.bigbbrown.blogspot.com
www.facebook.com/nyogyi

www.bigbbrown.multiply.com/journal
www.bigbbrown.wordpress.com
www.nyogyi.wordpress.com

 

>The Reality of Myanmar National League is To Make People Weak? – Article 2 January 29, 2011

Filed under: MY NEWS,MY WRITINGS,PHOTOS,SPORT — Nyo Gyi @ 12:15 pm

>

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော (၂)

1, October, 2009 တုန်းက ကျွန်တော့်ဘလော့ဂ်မှာပဲ "MNL ဘောလုံးပြိုင်ပွဲများဖြင့် ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ရေးခဲ့ဖူးပါတယ်။
http://bigbbrown.blogspot.com/2009/10/reality-of-myanmar-national-league-is.html
အဲဒီဆောင်းပါးရေးဖြစ်ခဲ့ရတာက (၂၃၊ ၉၊ ၀၀၉)မန္တလေး၊ ဗထူးကွင်းမှာ ရတနာပုံဘောကလပ်နဲ့ ဒယ်လ်တာ(ယခုဧရာဝတီယူနိုက်တက်)ဘောကလပ် တို့ပွဲအပြီး ဖြစ်ပွားခဲ့တဲ့ ကွင်းတွင်း၊ ကွင်းပြင်ဆူပူသောင်းကျန်းမှုများကို ကြားသိရပြီး အာဏာရှင်များက ၄င်းတို့ရဲ့ ရက်စက်လှည့်ဖျားမှုများကို သတိမထားမိစေရန် ပြည်သူများအား ဘောလုံးနှင့်အာရုံပြောင်းသွေးခွဲနေပုံကို ဆင်ခြင်နိုင်ဖို့ အသိပေး၊ မီးမောင်းထိုးပြလိုတာကြောင့် ဖြစ်ပါတယ်။

ယခုလည်း အထက်ပါ ဆောင်းပါးလိုပဲ Myanmar National League (MNL) နဲ့ပတ်သက်ပြီး ဆင်ခြင်သတိထားစရာများကို ဆက်ရေးရဦးမယ့် လက္ခဏာတွေ တွေ့နေရပြန်ပါပြီ။

MNL ကြောင့်တိုင်းပြည်ဘောလုံးအဆင့်အတန်း အဘယ်မျှ တိုးတက်ခဲ့ပါသနည်း?

MNL ကြောင့် မြန်မာ့ဘောလုံး တိုးတက်သလား။ ဆုတ်ယုတ်သလားကတော့ အမြင်သာကြီးပါပဲ။ ပြီးခဲ့တဲ့ အရှေ့တောင်အာရှဆူဇူကီးဖလားပြိုင်ပွဲ (AFF Suzuki Cup 2010)မှာ မြန်မာအသင်းဘယ်အခြေဆိုက်ခဲ့သလဲ? အုပ်စု (၃) ပွဲကန်ရတာမှာ ဗီယက်နမ်ကို (၇-၁)နဲ့ ရှုံး၊ စင်ကာပူကို (၂-၁)နဲ့ ရှုံးပြီး ဖိလစ်ပိုင်ကို (၀-၀)နဲ့ သရေကျကာ ရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၉)နဲ့ အုပ်စုအောက်ဆုံးအဖြစ် ပြိုင်ပွဲကနေ အရှက်မရှိ ထွက်ခွာခဲ့ရတာပါပဲ။ ဘဲဥကွဲပြီး (၁)မှတ်နဲ့ ပြည်တော်ပြန်လာရတာကို အတော်တိုးတက်လာတာပါလားလို့ အောက်မေ့ရတော့မလိုပါပဲ။
(http://www.affsuzukicup.com/fixtures2010.html)

ကလပ်အသင်းပိုင်ရှင်တွေက ဘောလုံးကလပ်တွေလည်ပတ်ဖို့ ငွေတွေ
ဖောဖောသီသီ အဆက်မပြတ် သုံးနေနိုင်တာ ဘာကြောင့်လဲ?

ဆီးမီးပရိုခေါ်ခေါ်၊ ပရိုခေါ်ခေါ် ဘောလုံးကလပ်တစ်သင်းထူထောင်ရတာ ငွေကြေးများစွာ (ကျပ်ငွေပေါင်း သိန်းထောင်ချီ၊ သိန်းသောင်းချီ)သုံးရပါတယ်။ ဒီငွေတွေ ဘယ်က ၀င်နေသလဲ။ အခြားလုပ်ငန်းတွေရှိလို့ပေါ့လို့ လွယ်လွယ်မတွေးစေချင်ပါ။ ဘာလုပ်ငန်းတွေလဲ။ ၀င်ငွေ-ထွက်ငွေစာရင်း ဘယ်လိုရှိသလဲ။ ငွေဖြူလား၊ ငွေမည်းလား။ ဘယ်သူမှ တိတိကျကျမသိကြပါ။ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အခွန်အပြည့်ဆောင်သလား၊ မဆောင်ဘူးလားလည်း ဘယ်သူမှ တိတိကျကျမသိပါ။ ဘယ်သူ့ငွေတွေ၊ ဘယ်ကငွေတွေရပြီး ဘယ်လို ရင်းနှီးမြှပ်နှံထားပြီး ဘယ်လောက်မြတ်၊ ဘယ်လောက်ရှုံးမှန်းလည်း ဘယ်သူမှ မသိပါ။ ငွေတွေကတော့ MNL ကလပ်အသင်းတွေအတွက် အသင်းပိုင်ရှင်တွေ ရှယ်သုံးနေကြတာပဲ မြင်နေရပါတယ်။ ဘောလုံးကလပ်အသင်းတွေအပေါ် ငွေရင်းနှီးမြှပ်နှံပြီး အကျိုးအမြတ်အနေနဲ့ ဘာပြန်ရကြလို့ ခုလို ငွေတွေ သုံးနေကြတာလဲ။ သူတို့ လုပ်ငန်းတွေ ကြော်ငြာလို့ရတာပေါ့လို့ အလွယ်မပြောစေချင်ပါ။ ကြော်ငြာခထက်ကို အခု ဘောကလပ်တွေအပေါ် ငွေသုံးတာက များစွာ ပိုနေပါပြီ။ MNL ဆုဖလားကြီးရတော့လည်း သိန်း ၅၀၀ လောက်သာရပြီး ကွင်းဝင်ကြေးအနေနဲ့ကလည်း ဟုတ်တိပတ်တိရှိပုံမရပါ။ လက်မှတ်အလကားဝေပေးရတာနဲ့။ ပရိသတ်ကို ရထားခ၊ ကားခ အကုန်ခံပြီး အခြားမြို့တွေမှာ အားပေးဖို့ ခေါ်ရတာနဲ့။ ကွင်းထဲကြည့်လိုက်တော့လည်း မြို့စွဲကြီးတဲ့ အချို့မြို့တွေမှာသာ လူအ၀င်များပြီး ခြေစွမ်းညံ့တဲ့အသင်းနဲ့ ကန်တဲ့ပွဲတွေဆို အဲဒီ မြို့စွဲကြီးတဲ့ မြို့တွေမှာတောင် ဘောလုံးပွဲကို ကွင်းထဲဝင်ကြည့်လောက်အောင် စိတ်ဝင်စားတဲ့သူ သိပ်မရှိလှပါ။
သေချာတာကတော့ ဘောအဖွဲ့ချုပ်ဥက္ကဌ  ဇော်ဇော်၊ ရန်ကုန်ယူနိုက်တက်ပိုက်ရှင် တေဇ အစသဖြင့်သော စီးပွားရေးကျားကြီးတွေက အာဏာရှင်များရဲ့ ရှယ်ယာထည့်ဝင်မှုများနဲ့အတူ မြန်မာ့စီးပွားရေးကို   လက်ဝါးကြီးအုပ်ထားပြီး သူတို့ရဲ့ တရားမ၀င် ငွေမည်း စီးပွားရေးလုပ်ငန်းတွေကို ဘောလုံးဗန်းပြပြီး  ဆက်လုပ်နေတယ်ဆိုတာပါပဲ။

ပြည်သူပြည်သားချင်း ရန်တိုက်ပေးနေတာလား?

ဒီအချက်ကတော့ အရေးကြီးလှပါတယ်။ ဘောလုံးသမားချင်းလည်း အချင်းချင်းမညှာကြတော့ပါ။ ငွေအတွက် ခြေရဲဇက်ရဲရှိကုန်ပါပြီ။ ဒါကိုပဲ ပရိုပီသတယ်ပြောကြဦးမလားမသိ။ ကွင်းထဲမှာ ခြေစွမ်းပါမက လက်စွမ်းပြကြသူတွေလည်း ရှိပါတယ်။ ဘောလုံးပွဲလား လက်ဝှေ့ပွဲလား မှားရမတတ်ပါပဲ။ ဒိုင်လူကြီးတွေကလည်း လုပ်ချင်သလိုလုပ်။ ကစားသမားတွေကလည်း ဆဲလိုဆဲ။ လူချလိုချ။ ပရိသတ်ကလည်း ဘောလုံးပွဲကြည့်ရင်း ဖရုဿဝါစာတွေ ပိုပြီး ပြောရဲဆိုရဲရှိလာသည်။ ထုချင်နှက်ချင်လာပြီး စိတ်တွေကလည်း ပိုပိုပြီး ကြမ်းတမ်းလာကြပါပြီ။

http://www.soccermyanmar.com/index.php?option=com_content&view=article&id=10006&catid=54&Itemid=104
မှာ ဖော်ပြထားတဲ့ "ခင်မောင်ထွန်းနှင့် ရန်ကုန် ပရိသတ်တို့ အပြန်အလှန် စွပ်စွဲမှုများ ထွက်ပေါ်" သတင်းလေးကို ဖတ်ကြည့်ပါဦး။ MNL အကြောင့် ပြည်သူတွေ စည်းလုံးရေးပိုကွဲနေကြောင်း အထင်းသားကြီး ဖော်ပြနေပါပြီ။

http://www.soccermyanmar.com မှာတင်ထားတဲ့ Friday, 28 January 2011 ရက်စွဲနဲ့ သတင်းအပြည့်အစုံကို တစ်ပါတည်း ကူးယူဖော်ပြပေးလိုက်ပါတယ်။

———————————————–
" "ခင်မောင်ထွန်းနှင့် ရန်ကုန် ပရိသတ်တို့ အပြန်အလှန် စွပ်စွဲမှုများ ထွက်ပေါ်

ပြီးခဲ့သည့် ရတနာပုံ – ရန်ကုန် ပွဲစဉ် မတိုင်မီ ရတနာပုံ အသင်း ခေါင်းဆောင် ခင်မောင်ထွန်းနှင့် ရန်ကုန် ပရိသတ် တစ်ဦးတို့ ဖြစ်ပွားခဲ့သည့် ပြဿနာနှင့် ပတ်သတ်၍ အပြန်အလှန် စွပ်စွဲ ခဲ့ကြမှု များကို ပြည်တွင်း အားကစား ဂျာနယ် Sport Times က စုစည်း ဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ပြဿနာမှာ ပွဲမကစားမီ နံနက်ပိုင်း၌ မန္တလေး တောင်ခြေတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ခင်မောင်ထွန်းက ရန်ကုန် ပရိသတ် တစ်ဦးကို ကိုယ်ထိ လက်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ ယင်းကိစ္စနှင့် ပတ်သတ်၍ တိုက်ခိုက် ခံခဲ့ရသည့် ရန်ကုန် ပရိသတ် ကိုရဲဝင်းလှိုင် ဆိုသူက ခင်မောင်ထွန်း ဘက်မှ လက်သီးဖြင့် စထိုးခဲ့ခြင်း ဖြစ်သည်ဟု ဆိုခဲ့သည်။

"ကျွန်တော်က ကားအောက်ကနေ လှမ်းနောက် လိုက်တယ်။ ကားပေါ်က ဆင်းလာတာ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကစားသမား တွေရော နည်းပြ အဖွဲ့က လူတွေပါ ပါတယ်။ ၄၊ ၅ ယောက် လောက်တော့ ရှိမယ်ထင်တယ်။ ကျွန်တော်လည်း အဲဒီလို လုပ်လိမ့်မယ်လို့ မထင်ဘူး။ ခင်မောင်ထွန်းက စထိုးတာ။ ကျွန်တော် ခေါင်းငုံ့ထားတယ်။ ကျွန်တော့်ကို ထိုးနေတဲ့ အချိန်မှာပဲ နည်းပြ တစ်ယောက်က မင်း ငါတို့ကို ဘာလုပ်ချင် လို့လဲ ဆိုပြီး ဆောင့်တွန်း လိုက်တယ်။ ကျွန်တော် အသံပဲ ကြားနေရတယ်။ ကားပေါ်က လူတွေက သံတုတ်တွေနဲ့ ဆင်းလာပြီး သူ့ကို ဆွဲတင်၊ ဆွဲတင် ဆိုတဲ့ အသံတွေလည်း ကြားရတယ်။ ကျွန်တော်တို့ ကားပေါ်က လူတွေက ကျွန်တော့်ကို အတင်း ဆွဲတင်သွားလို့ သက်သာ သွားခဲ့တာပါ"ဟု ကိုရဲဝင်းလှိုင်က အဆိုပါ ဂျာနယ်သို့ ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်ရပ် ဖြစ်ပွားနေချိန်တွင် ရန်ကုန် အသင်းဘက်မှ ပါလာသော ပရိသတ် အများစုသည် မန္တလေး တောင်ပေါ် တက်သွားသဖြင့် ပြဿနာ ဖြစ်သည့် အချိန် လူသိပ်မရှိ ကြောင်းလည်း ကိုရဲဝင်းလှိုင်က ဆိုခဲ့သည်။ ထို့ပြင် ကိုရဲဝင်းလှိုင်က ရတနာပုံ ကစားသမား များအား လက်ခလယ် ထောင်ပြခဲ့သည့် သူ၏ အပြုအမူနှင့် ပတ်သတ်၍ "ကျွန်တော်တို့ ကားတွေနဲ့ ဘောလုံး ကွင်းတွေကို သွားတဲ့ နေရာမှာ ပရိသတ် အချင်းချင်း တွေ့တဲ့ နေရာမှာ လက်ခလယ် ထောင်ပြတာတို့၊ လက်မ အောက်ချ ပြတာတို့နဲ့ နောက်ပြောင် နေကြတာ ပါပဲ။ ကျွန်တော် လက်ခလယ် ထောင်ပြ လိုက်တဲ့ အချိန်မှာ ကျွန်တော့် စိတ်ထဲမှာတော့ ဘာမှ မရှိပါဘူး"ဟု ရှင်းပြခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ခင်မောင်ထွန်း ဘက်ကမူ "ဒီကိစ္စနဲ့ ပတ်သတ်လို့ ကျွန်တော် ဘာမှ ရှင်းမပြ ချင်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုဖြစ်သွားတဲ့ ကိစ္စမှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ဆိုတာ အကုန်လုံး သိပါတယ်။ ရန်ကုန် ပရိသတ်တွေ ပို့ဆောင်ပေးတဲ့ ကားသမားတွေ ပိုသိပါတယ်။ ရှင်းလည်း မပြချင်တော့ဘူး။ ဒီကိစ္စနဲ့ ပတ်သတ်လို့ ရန်ကုန် ပရိသတ်တွေ ရေးထားတဲ့ စာသားတွေ ကိုလည်း ကျွန်တော် ဖတ်ပြီးပါပြီ။ ဘယ်သူမှားတယ် ဆိုတာ ပြောပြပေးမယ့် သူတွေလည်း ကျွန်တော်တို့ ဘက်မှာ ရှိပါတယ်"ဟု ပြောကြားခဲ့သည်။

ခင်မောင်ထွန်းက အဆိုပါ ရန်ကုန် ပရိသတ်သည် သူ့အား လက်ခလယ် ထောင်ပြ၍ ရန်စကြောင်း၊ သူ့အား အဆိုပါ ပရိသတ် တုံ့ပြန်ပုံ မကောင်းသဖြင့် ပြဿနာ ဖြစ်ရခြင်း ဖြစ်ကြောင်း၊ မိမိ ကွင်းတွင်း စွမ်းဆောင်ရည် မကောင်းလျှင် စိတ်ကြိုက် ဝေဖန် နိုင်သော်လည်း လူနေမှု ဘ၀ကို မဝေဖန် သင့်ကြောင်း၊ ယခု ကိစ္စတွင် မိမိမှ စတင် ရန်စခြင်း မဟုတ်ကြောင်း၊ ယင်းကိစ္စ အပေါ် မည်သို့ပင် ရေးရေး၊ မည်သို့ ပြောပြော လိုက်ရှင်းမည် မဟုတ်ကြောင်း၊ ပြဿနာ ဖြစ်သည့်သူ နှင့်သာ မျက်နှာချင်းဆိုင် တွေ့ဆုံ ရှင်းလင်း လိုကြောင်း ပြောကြားသွား ခဲ့သည်။

ဆက်လက်ပြီး ခင်မောင်ထွန်းက "ကျွန်တော်ကတော့ မှန်တယ်လို့ ထင်တယ်။ ဒါကြောင့်လည်း ကျွန်တော် မရှင်းတာပေါ့။ ကျွန်တော် ကတော့ ကိုယ်မှန်တယ် ဆိုရင် ဘယ်သူမှ မကြောက်ဘူး။ ရန်ကုန်၊ မန္တလေး ကတော့ သိတဲ့အတိုင်းပဲ ပြိုင်ဆိုင်မှု ပြင်းထန်ကြတယ်။ ပရိသတ် အချင်းချင်းလည်း ပြိုင်ဆိုင်မှု ပြင်းထန်တယ်။ ရတနာပုံ အသင်းက ရှိသမျှ ဆုဖလား တွေကို ယူနေတော့ မနာလိုတဲ့ ပရိသတ် တွေလည်း ရှိတာပေါ့။ ဒါကြောင့် ဒီလိုမျိုး ပြဿနာ ဖြစ်သွားတယ်လို့ ထင်တယ်။ ကျွန်တော် ပြောချင်တာက ပရိသတ်ဆိုတာ ပရိသတ် လိုပဲ အားပေး စေချင်တယ်"ဟု ပြောကြားသွား ခဲ့သည်။

ယင်းပြဿနာ တစ်ခုလုံးနှင့် ပတ်သတ်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ ဘက်ကမူ ၎င်းတို့နှင့် မဆိုင်ကြောင်း၊ ရဲအရေးပိုင် အမှုသာ ဖြစ်ကြောင်း၊ ဘောလုံး အဖွဲ့ချုပ် တာဝန်ရှိသူများ မည်သို့ အရေးယူမည် ဆိုသည်ကို မေးမြန်း သင့်ကြောင်း ပြောကြားသွား ခဲ့သည်ဟု အဆိုပါ ဂျာနယ်က ဖော်ပြခဲ့သည်။ " "
———————————————–
http://www.soccermyanmar.com/index.php?option=com_content&view=article&id=10006&catid=54&Itemid=104

သတင်းဖတ်ပြီး ကျောချမ်းမိလာပါတယ်။ သတင်းအောက်မှာ ရေးထားတဲ့ အချို့ကွန်မန့်တွေကလည်း ကြောက်စရာကောင်းလှပါတယ်။

ကွန်မန့်တစ်ခုမှာဆိုရင်-

"ရန်ကုန်မှာကန်မယ့်ပွဲမင်းနဲ့ ငါတို့ ပြန်တွေ့ ကျတာပေါ့…
ဆုတောင်းပေးပါတယ်
မင်းကြံကြံခံနိုင်ပါစေလို့ 
ရန်ကုန်ဇနဲ့ ရန်ကုန်သွေး
ဘယ်ဖက်ကယှဉ်ယှဉ်
တတိုင်းတပြည်လုံးထက်သာတယ်
WELCOME မာမီခင်မောင်ထွန်း…"

ဆိုပြီး ခြိမ်းခြောက်ထားလိုက်ပါသေးတယ်။

ရန်ကုန်မှာ ကန်မယ့် ရန်ကုန်ယူနိုက်တက်နဲ့ ရတနာပုံယူနိုက်တက်တို့ ပွဲမှာ တွေးကြည့်ရုံနဲ့ပဲ ကြက်သီးထလာမိတယ်။ MNL ကြောင့် ပြည်သူပြည်သားတွေ၊ ကစားသမားတွေ ဒေါသ၊ မာန၊ မောဟ၊ လောဘတွေ ပိုကြီးလာကြကုန်ပလား။

အချင်းချင်း ရန်ဖြစ်ပြီး အာရုံတွေ လွဲကုန်တော့မလား?

အာဏာရှင်တွေဟာ ပြည်သူတွေကို အာရုံလွဲအောင်လုပ်တဲ့နေရာမှာတော့ တော်လှပါပေတယ်။ နိုင်ငံရေးအယူအဆမတူမှု၊ အမှန်တရား ပြောဆိုမှုတွေ ကြောင့် လူပေါင်း ၂၀၀၀ ကျော် အကျဉ်းချခံထားရတာကို လူတွေ သတိမမူမိအောင်၊ ဒေါ်အောင်ဆန်းစုကြည် အရှိန်သြဇာပိုမိုကြီးမားလာနေမှုကို လျော့ပေါ့သွားအောင် ဘောလုံးပွဲရန်ပွဲတွေနဲ့ အာရုံလွှဲနေတာလား။ ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီ (၃၁)မှာ ကျင်းပမယ့် မတရားလွှတ်တော်ဆိုတာကြီးမှာ လုပ်ချင်ရာလုပ်မှာကို လူတွေ အာရုံမကျအောင် အခုလို ခင်မောင်ထွန်းရန်ပွဲနဲ့ အာရုံလွှဲနေတာလား။ သေချာသတိထား စဉ်းစားဖို့လိုပါတယ်။ ရန်ကုန်၊ မန္တလေး၊ မုံရွာ…အစရှိတဲ့မြို့တွေက ကလပ်ဘောပရိသတ်တွေအနေနဲ့လည်း စီးပွားရေးကျားဆိုးကြီးတွေ၊ အာဏာရှင်တွေရဲ့ အာရုံလွှဲမှုကို အထူးသတိထားစောင့်ကြည့်ဖို့လိုပါတယ်။ ရန်တိုက်ပေးတိုင်း ရန်ဖြစ်နေရင် ကိုယ်ညံ့ရာကြပါတယ်။ ဘောလုံးကို မချစ်ရဘူးမဟုတ်ပါဘူး။ တိုင်းပြည်တိုးတက်ဖို့ အားကစားကို မြတ်နိုးရမှာပါ။ အားကစားဆိုတဲ့အဓိပ္ပာယ်ဟာ "အစွဲတွေနဲ့ ရန်ပွဲတွေ"ကို ဆိုလိုတာမဟုတ်ဘူးဆိုတာတော့ လူတိုင်းသတိထားစေချင်ပါတော့တယ်။        ။

တော်လှန်နိုင်ငံရေးအကျဉ်းသမားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ…

ညိုကြီး
(၂၉၊ ဇန်န၀ါရီ၊ ၂၀၁၁)
 

Thiha Thura Tin Aung Myint Oo NEWS I Read In Two Media Sites November 14, 2009

Filed under: "MEDIA to MEDIA" FIGHTING,MY NEWS,MY WRITINGS,OTHERS' NEWS — Nyo Gyi @ 6:06 am
သီဟသူရ တင်အောင်မြင့်ဦး
(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉) သတင်းများ

(၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)နေ့ တစ်ရက်တည်းမှာ ဖတ်မိခဲ့တဲ့ သီဟသူရ တင်အောင်မြင့်ဦး သတင်းများကို ပြန်လည် မျှဝေလိုက်ပါတယ်။
(ဖတ်မိရတဲ့ သတင်း (၂)ခုကို ဘယ်လို ဆက်စပ်ပစ်ရမယ်မှန်း မသိတော့ပါ။ – Nyo Gyi)

၁။ ပထမတစ်ခုက ဧရာဝတီသတင်းဌာန(အင်တာနက်)မှာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)က ဖော်ပြခဲ့တာပါ။


သီဟသူရ တင်အောင်မြင့်ဦး တိတ်တဆိတ် နုတ်ထွက်
(ဧရာဝတီ သတင်း)

http://www.irrawaddy.org/bur/index.php?option=com_content&view=article&id=2130:2009-11-13-11-45-25&catid=1:news&Itemid=2

၂။ နောက်ထပ် သီဟသူရ တင်အောင်မြင့်ဦး သတင်းကလည်း (၁၃၊ ၁၁၊ နိုဝင်ဘာ)ထုတ် မြန်မာ့အလင်း သတင်းစာမှာ ပါရှိခဲ့တာပါ။ ကိုသန်းရွှေ သီရိလင်္ကာကို ဟန်ရေးပြအလည်အပတ်ခရီးသွားရောက်ခြင်းသတင်းမှာ ကိုသန်းရွှေနဲ့အတူ အဲဒီ ကိုသီဟသူရ တင်အောင်မြင့်ဦးလည်း လိုက်ပါသွားတယ်လို့ သတင်းစာက ဆိုပါတယ်။ သတင်းကို မြန်မာ့အလင်းသတင်းစာကနေ ပုံစာအနေနဲ့ ပြန်ကူးယူ ဖော်ပြပေးလိုက်တယ်။

မြန်မာ့အလင်းသတင်းစာ (၁၃၊ နိုဝင်ဘာ၊ ၂၀၀၉)ထုတ်က သီဟသူရ တင်အောင်မြင့်ဦး သတင်း
http://www.myanmar.com/newspaper/myanmarahlin/Nov13.pdf

 

TO POET KHANT MIN HTET, WHO HAD BEEN ARRESTED November 10, 2009

Filed under: MY NEWS,MY WRITINGS,OTHERS' POEMS,PHOTOS — Nyo Gyi @ 7:53 pm
ကဗျာဆရာ ခန့်မင်းထက် အတွက် ကဗျာ
သို့ … ခန့်ကြီး
မှ … ကိုအိမ့်

ပိတောက်ပွင့်သစ်မဂ္ဂဇင်း ပဲ့ကိုင်ရှင် တော်လှန်ကဗျာဆရာကြီး မောင်စိမ်းနီ၏ သား အလင်္ကာဝတ်ရည်ဂျာနယ်တိုက်မှ ကဗျာဆရာနှင့် ဒီဇိုင်းပညာရှင် ခန့်မင်းထက်တစ်ယောက် ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၂၂)ရက်နေ့က စစ်အဆိုးရထောက်ခွေးများ၏ မတရားသဖြင့်ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း အောက်ပါသတင်းများကို ဖတ်ရှုပြီးသူတိုင်း သိရှိပြီးဖြစ်ပေလိမ့်မည်။

ထိုသို့ စစ်အဆိုးရ၏ မတရားသဖြင့် ဖမ်းဆီးခြင်းကို ခံခဲ့ရရှာသည့် ကဗျာဆရာ ခန့်မင်းထက်အတွက် ပိတောက်ပွင့်သစ် စာပေအနုပညာမဂ္ဂဇင်း၊ အမှတ် (၂၂)၊ ဇန်န၀ါရီ၊ ၂၀၀၉ တွင် ဖော်ပြပါရှိခဲ့သည့် ကဗျာဆရာ ကိုအိမ့်၏ “သို့ … ခန့်ကြီး၊ မှ … ကိုအိမ့်” ကဗျာအား အမှတ်တရ ကူးယူဖော်ပြပေးလိုက်ပါသည်။ ယင်းကဗျာကိုပင် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လက ထုတ်ဝေခဲ့သည့် “ပိတောက်ပွင့်သစ် ကဗျာရှည်များ” စာအုပ်ထဲ၌ ထပ်မံ ဖော်ပြခဲ့ပါသေးသည်။
(ထို ပိတောက်ပွင့်သစ် ကဗျာရှည်များ စာအုပ်ကိုလည်း ခန့်မင်းထက်ကိုယ်တိုင် မျက်နှာဖုံးကအစ ဒီဇိုင်းပြုလုပ်ပေးခဲ့ပါ၏)

သို့ … ခန့်ကြီး
မှ … ကိုအိမ့်

(ပုံများပေါ် ကလစ်နှိပ်ပြီး ကဗျာစာသားများကို အကျယ်ချဲ့ ဖတ်နိုင်သည်)

 

The Reality of Myanmar National League is It Makes People Weak? October 1, 2009

Filed under: MY NEWS,MY WRITINGS,PHOTOS,SPORT — Nyo Gyi @ 7:55 am
MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော

(Nyo Gyi)

(ဓာတ်ပုံ – မန္တလေးထုတ် ပန်သစ္စာ အနုပညာဂျာနယ်၊ No. 3, Vol. 7၊ အချပ်ပိုမှ ရယူပါသည်)


(1, October, 009)

ယနေ့ ဗမာပြည်တွင်း၌ Myanmar National League ဆိုပြီး ဘောလုံးပွဲများ ကျင်းပနေသည်ကို အများသိပြီးဖြစ်သည်။ ဘောလုံးပွဲဆိုသည်မှာ အားကစားရေး၊ စီးပွားရေးကိစ္စဖြစ်သည်ဆိုသော်လည်း နိုင်ငံ့အရေးအမြင်အားဖြင့်ကြည့်လျှင်မူ ဘောလုံးပွဲကို ကျင်းပခဲ့သည့် စစ်အဆိုးရနှင့် ဘောလုံးအသင်းများကို ပိုင်ဆိုင်သည့် စစ်အဆိုးရအလိုတော်ရိလုပ်ငန်းရှင်ဆိုသူများ၏ ခြေလှမ်းများ၊ လုပ်ကွက်များကိုကား သတိထား စောင့်ကြည့်ရပါမည်။

ဘောလုံးပွဲများအတွက် ကျေးဇူးတင်ရမည်ဖြစ်သော်လည်း နောက်ကွယ်က အကြောင်းအရာများကို မျက်ခြေမပြတ် လေ့လာဆင်ခြင်သင့်သည်။

ပြည်သူတွေကို သွေးခွဲနေပြီလော

ပြည်သူတွေကို သွေးခွဲနေပြီလားဆိုသည့်အချက်မှာ အင်မတန်မှ အရေးကြီးလှသည်။

ယခုအခါ မန္တလေးကိုယ်စားပြုဆိုပြီး Yadanarbon FC၊ ရန်ကုန်ကိုယ်စားပြုဆိုပြီး Yangon United၊ မြစ်ဝကျွန်းပေါ်ဒေသကိုယ်စားပြုဆိုပြီး Delta United အစရှိသဖြင့် အသင်းများ ဖွဲ့စည်း တည်ထောင်ထားသော်လည်း အမှန်တကယ်တမ်း ထိုထိုဘောကလပ်အသင်းများနှင့် ပါဝင်သည့် ကစားသမားများသည် သူတို့ကိုယ်စားပြုသည့် တိုင်း/ပြည်နယ်များကို အမှန်တကယ်ကိုယ်စားပြုပါ၏လော။ ရှေးတုန်းက ကျင်းပခဲ့သည့် ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲများမှ အသင်းများလောက် ကိုယ့်နယ်များကို အမှန်အတိုင်း ကိုယ်စားပြုပါ၏လော။

မကြာမီ (၂၃၊ ၉၊ ၀၀၉) က မန္တလေးမြို့၊ ဗထူးကွင်း၌ Yadanarbon FC နှင့် Delta United တို့၏ ဘောလုံးပွဲ(ပူးတွဲပါဓာတ်ပုံ)အပြီး ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ဆူပူသောင်းကျန်းမှုများက ပြည်သူတွေကို သွေးခွဲနေပြီလော ဆိုသည့်အချက်ကို ပိုမိုခိုင်မာစေပါသည်။ အရင်က တစ်တိုင်းနှင့် တစ်တိုင်း၊ တစ်ပြည်နယ်နှင့် တစ်ပြည်နယ် အခင်အမင်မပျက် တည်ငြိမ်သွေးစည်းနေခဲ့သည်ကို ယခုလို MNL ဘောလုံးပြိုင်ပွဲများနှင့် ရန်တိုက်၊ သွေးခွဲပစ်လိုက်သည့်သဘောပင်။ စစ်အဆိုးရအနေနှင့် ယခုကဲ့သို့ ဘောလုံးပွဲများကို အသုံးပြုပြီး ပြည်သူများကို ရန်တိုက်၊ သွေးခွဲထားလိုက်ခြင်းအားဖြင့် ၁၉၈၈ အရေးအခင်းလိုမျိုး၊ ၂၀၀၇ စက်တင်ဘာအရေးအခင်းလိုမျိုး ပြည်သူအများ၏ သွေးစည်းညီညွတ်စွာလှုပ်ရှားလာနိုင်မှုများ နောက်ထပ်ဖြစ်မလာနိုင်ဟု ထင်ထားပုံရသည်။

ပြည်သူတွေကို အာရုံပြောင်းနေပြီလော

ထိုအချက်မှာလည်း ထင်သာမြင်သာရှိသည်။

စစ်အဆိုးရ၏ မကောင်းမှုများကို အလေးဂရုမပြုနိုင်တော့ဘဲ ပြည်သူအားလုံး ဘောလုံးပြီးရင်း ဘောလုံးဖြစ်နေအောင် အာရုံပြောင်းလိုက်သည့်သဘော။

သေချာကြည့်လျှင် သိနိုင်သည်။

ယခုအခါ စစ်အဆိုးရသည် ဗမာပြည်သူ၊ ပြည်သားများအား စားဝတ်နေရေးကြပ်တည်းမှု၊ တစ်လုံး-နှစ်လုံး-သုံးလုံး လောင်းကစားမှု၊ နိုင်ငံခြားဘောလုံးပွဲ၊ ပြည်တွင်းဘောလုံးပွဲ၊ အရက်-ဘီယာ-မူးယစ်ဆေးဝါး-စင်တင်တေးဂီတ-ကာမရောင်းဝယ်ဖောက်ကားရေး-လူကုန်ကူးမှု-မှောင်ခို-လာဘ်စားခြင်း အစရှိသည်များ အကြား  ညှပ်ပူညှပ်ပိတ် ပိတ်မိနေအောင် ပြုလုပ်ရက်စက်နေပေပြီ။ မှိုင်းတိုက်နေပေပြီ။

စစ်အဆိုးရသည် သူတို့၏ မကောင်းမှု၊ ယုတ်မာမှုများအတွက် ပြည်သူများဘက်က စွဲချက်တင်၊ ရှုံ့ချ၊ ဆန္ဒထုတ်ဖော်လာမည့်အာရုံကို အခြားတစ်ဖက်သို့  ပြောင်းဖို့ အစဉ်တစိုက်ကြိုးစားနေသည်မှာ သိသာလှပေသည်။ MNL ဘောလုံးပွဲများသည် အာရုံပြောင်းကိရိယာများထဲက တစ်ခုအပါအ၀င်ပေလော။

ပြည်သူတွေကို လှည့်ဖြားရိုက်စားနေပြီလော

၎င်းအချက်မှာ စေ့စေ့တွေးလေ ရေးရေးမကဘဲ ပြုးပြူးကြီး ပေါ်လာလေပင်ဖြစ်သည်။

MNL ဘောလုံးကလပ်များကို တည်ထောင်ထားသည့် စစ်အဆိုးရအလိုတော်ရိ လုပ်ငန်းရှင်ဆိုသူများသည် သူတို့၏ တရားမ၀င်၊ ရိုက်စား၊ လှည့်ဖြား၊ စစ်အဆိုးရဖက်စပ်စီးပွားရေးလုပ်ငန်းများကို ပြည်သူအများ သတိမထားမိအောင် ဘောလုံးနှင့် အချိုသကာဖုံးလိုက်ခြင်း၊ ဘောလုံးနှင့် ပြည်သူများကို အချိုသတ်လိုက်ခြင်းဟုပင် ဆိုနိုင်ပေသည်။ ဘောလုံးကို ဗန်းပြပြီး အခြားတစ်ဖက်က တရားမ၀င်အခြားစီးပွားရေးလုပ်ငန်းများကို စစ်အဆိုးရနှင့် ပင်းကာ ပိုမိုရိုက်စားလုပ်တော့မည်မှာ အသေအချာပင်။

ဘောလုံးပွဲများ ကျင်းပပေးသဖြင့် ကျေးဇူးရှင်ကြီးများဟုပင် ပြည်သူတွေက ထင်ကြလိမ့်ဦးမည်။ တကယ်တော့ ၀က်ဆီဖြင့် ၀က်သားကိုပြန်ကြော်ပြနေခြင်းပင်။ ပြည်သူတွေဆီက မတရားလှည့်ဖြားရိုက်စားလုပ်ယူထားသည့် ငွေကြေးတွေနှင့် (တစ်နည်းအားဖြင့်) ပြည်သူပိုင် ဘဏ္ဍာ ဥစ္စာ သယံဇာတများကို မှောင်ခိုလုပ်စား၊ ဈေးတင်အမြတ်ကြီးစား၊ အခွန်ရှောင်၍ ရရှိထားသည့် ငွေကြေးတွေနှင့် ယခုလို MNL ဘောလုံးပြိုင်ပွဲများကို စစ်အဆိုးရနှင့် စစ်အဆိုးရအလိုတော်ရိများက ကျင်းပပေးနေခြင်း ဖြစ်ပေသည်။

ဤစာကို နိဂုံးချုပ်ရလျှင်

ရိုးသားသည့် သမာအာဇီဝ ပြည်သူများအနေဖြင့် စစ်အဆိုးရနှင့် သူ့အလိုတော်ရိများ၏ မာယာအချိုသုတ်လိမ်းထားသည့် ခြေလှမ်းများ၊ လုပ်ကွက်များကို မျက်ခြေမပြတ် စောင့်ကြည့်-စစ်ဆေး-ဆင်ခြင်-သုံးသပ်-အကဲခတ်-ဖော်ထုတ်ရန်လိုအပ်သည်။ ဘောလုံးဆိုတိုင်း အရမ်းလိုက်မလုံးမိဖို့ လိုအပ်သည်။ လုံးရင်း၊ လုံးရင်းနှင့် လုံးခြာလည် လိုက်သွားနိုင်သည့် အဖြစ်တွေ ဒုနှင့်ဒေးရှိကြောင်း ပြည်သူအပေါင်းတို့သိထားရန် လိုအပ်ပါတော့သည်။         ။

ညိုကြီး
(၁၊ အောက်တိုဘာ၊ ၀၀၉)

စကားအချပ်ပို။   ။

အထူးတလည် စုဆောင်းစရာမလိုဘဲ စုဝေးတတ်သော လူစုလူဝေးကြီးများကို ဘောလုံးပွဲများတွင် တွေ့ရလေ့ရှိရာ ဘောလုံးပွဲများမှတစ်ဆင့် ပြည်သူ့ဆန္ဒပြပွဲကြီးတစ်ရပ်ဖြစ်ပွားလာအောင် ဘောပွဲကြည့်လာပြည်သူများအနေနှင့် ကြိုးစားသင့်ပါကြောင်း အကြံကောင်း ပေးအပ်ပါသည်။ ဆဲဆိုသည့်အသံများအစား တောင်းဆိုသည့် အသံများကို ပြိုင်တူဟစ်ကြွေးကြပါစို့။

——————————————————————————–

 

MYANMAR MILITARY ANIMALS? September 25, 2009

Filed under: MY WRITINGS,PHOTOS,SATIRE — Nyo Gyi @ 7:02 pm
ဗမာပြည်က အဟိတ်တိရိစ္ဆာန်စစ်အဆိုးရ

ဗမာနိုင်ငံမှာ စစ်အဆိုးရက အသစ်ထုတ်မယ်ဆိုတဲ့ ၅၀၀၀ ကျပ်တန်ပုံစံနဲ့ နယ်စည်းမခြား လွတ်လပ်တဲ့ အင်တာနက်နိုင်ငံမှာ တစ်စုံတစ်ယောက်က ဟိုးအရင်ကတည်းက ထုတ်လုပ်ထားတဲ့ ၅၀၀၀ ကျပ်တန်ကို အထက်ပါအတိုင်း ယှဉ်တွဲဖော်ပြလိုက်ပါတယ်။

ဒီ စစ်အဆိုးရဟာ အတော် တိရိစ္ဆာန်စိတ်ဝင်နေပုံရပါတယ်။ သူတို့ ထုတ်တဲ့ ငွေစက္ကူတွေဆိုရင် တိရိစ္ဆာန်ပုံတွေနဲ့ ချည်းပဲ ။ ခြင်္သေ့ပုံနဲ့ ထုတ်လားထုတ်ရဲ့၊ ဆင်ပုံနဲ့ ထုတ်လားထုတ်ရဲ့။

အခြားနိုင်ငံတော်တော်များများမှာ ကိုယ့်နိုင်ငံရဲ့ ခေါင်းဆောင်ကောင်းများ(ဥပမာ- လွတ်လပ်ရေးဖခင်၊ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံအကျိုးပြုခေါင်းဆောင်တစ်ဦးဦး အစသဖြင့်)ကို ဂုဏ်ပြုပြီး ငွေစက္ကူများမှာ ထည့်သွင်းဂုဏ်ပြုလေ့ရှိကြတာပါ။ ဗမာပြည်က စစ်အဆိုးရကတော့ ဒီလိုမဟုတ်ပါဘူး။ အရင်အစိုးရတွေက
ဗမာကျပ်ငွေတွေမှာ ဂုဏ်ပြုအသုံးပြုခဲ့တဲ့ ဆရာစံတို့၊ သခင်ဖိုးလှကြီးတို့၊ ဗိုလ်ချုပ်အောင်ဆန်းတို့ ဓာတ်ပုံတွေကို ဖြုတ်ပယ်ထားလိုက်ပြီး သူတို့ကတော့ ခြသေ့င်္ပုံ၊ ဆင်ပုံတွေနဲ့ ငွေစက္ကူများကို ထုတ်လုပ်လေ့ရှိပါတယ်။ တိရိစ္ဆာန်စိတ်ဝင်ပြီး တိရိစ္ဆာန်ကျင့် ကျင့်နေလို့သာ ယခုလို ကိုယ့်တိရစ္ဆာန်အမျိုးအဆွေတွေကို ဂုဏ်ပြုပြီး တိရိစ္ဆာန်ပုံများနဲ့ ငွေစက္ကူများကို ထုတ်လုပ်နေပုံရပါတယ်။ အဟိတ်စစ်အဆိုးရလို့ပဲ ခေါ်ရတော့မလား မသိတော့ပါဘူး။
(ကိုသန်းရွှေကလည်း ကျောက်ဆည်နယ်သားဆိုတော့ ဆင်စိတ်ဝင်နေတာ ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်လည်း သူ့ကြည့်ရတာ အိပဲ့အိပဲ့နဲ့ ။)

ပြီးတော့ ဒီ အဟိတ်စစ်အဆိုးရလက်ထက်ကျမှ ငွေစက္ကူတွေကို ဂဏန်းတိုးတိုးပြီး ထုတ်လာလိုက်တာ အခုဆို ၅၀၀၀ ကျပ်တန်ဆိုပြီးတော့တောင် ဖြစ်လာပါတယ်။ အင်း …  ဒီ အဟိတ်တိရိစ္ဆာန်စစ်အဆိုးရသာ ဆက်ရှိနေရင် နောက်များဆို ဇင်ဘာဘွေနိုင်ငံမှာလို သောင်းတန်၊ သိန်းတန် ငွေစက္ကူတွေ ဘာတွေတောင်
ထပ်ထုတ်နေဦးမလားပဲနော်။

Nyo Gyi
—————————————————————————————————

(27 September 009)

နောက်ဆက်တွဲအနေနဲ့
နယ်စည်းမခြား လွတ်လပ်တဲ့ အင်တာနက်နိုင်ငံမှာပဲ ထပ်မံတွေ့ရှိရတဲ့
၁၀၀၀၀ ကျပ်တန်ငွေစက္ကူကို ပူးတွဲဖော်ပြပေးလိုက်ပါတယ်။

တိရိစ္ဆာန်အကျင့်ကျင့်ပြီး တိရိစ္ဆာန်စိတ်ဝင်နေတဲ့ အဟိတ်တိရိစ္ဆာန်စစ်အဆိုးရက ထုတ်ဝေဦးမှာဖြစ်တဲ့
၁၀၀၀၀ ကျပ်တန်ဆိုတော့လည်း မျောက်ဝံပုံလေးနဲ့ပေါ့ဗျာ။

ခြင်္သေ့ > ဆင် > မျောက် > ခွေး > ကြွက် > နွား > ကျား > ကြောင် > ၀က် > ဆိတ် > မြင်း အစရှိသဖြင့်
နောက်ထပ်ထုတ်ဝေမယ့် ငွေစက္ကူများအတွက် တိရိစ္ဆာန်များကို လျာထားလျက်ရှိကြောင်းလည်း အထူးသတင်းရရှိပါသေးတယ်။

၁၀၀၀၀ ငွေစက္ကူပုံဒီဇိုင်းကို အောက်ပါ အင်တာနက်လိပ်စာက ကူးယူဖော်ပြတာပါ။

http://www.yeyintnge.com/2009/09/blog-post_26.html

 

INSIDE BURMA NOW-A-DAY (6) September 14, 2009

Filed under: INSIDE BURMA NOW-A-DAY,MY NEWS,MY WRITINGS,PHOTOS — Nyo Gyi @ 5:11 pm
စစ်အဆိုးရ ပြောပြောနေတဲ့
“ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၆)”

ဒီတစ်ခါတော့ မန္တလေးဖြစ် ဓာတ်ပုံများကို ဖော်ပြပေးလိုက်ရပါတယ်။ မန္တလေးမြို့တည်နန်းတည် အနှစ် (၁၅၀) အထိမ်းအမှတ်ပေါ့ဗျာ။

ဗမာပြည်၊ မန္တလေးမြို့၊ မင်္ဂလာဈေးမီးပွိုင့်မှာ စစ်သားတစ်ယောက်က စစ်အဆိုးရရဲ့ လမ်းစည်းကမ်းကို ကျကျနနကြီး ချိုးဖောက်နေပုံပါ။
အဲဒီစစ်သားရဲ့ ညာဘက်/လမ်းရဲ့တောင်ဘက်မှာ “သတိပြုရန်၊ သင့်အသက်အန္တရာယ်အတွက် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ” ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကို တွေ့ပါလိမ့်မယ်။ ဒါပေမဲ့ ဓာတ်ပုံပါစစ်သားကတော့ ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားခြင်းမရှိဘဲ သူ့စစ်ဦးထုပ်ကိုသာ ဆောင်းထားပါတယ်။
(အဲဒီစစ်သားရဲ့ ရှေ့ရေးအတွက် ဆိုင်ကယ်နံပတ်ကို ဖျက်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေက အဲသလို သဘောထားကြီးတာဗျ၊ ဟဲဟဲ။)

မန္တလေး အစရှိတဲ့ မြို့တွေမှာ ယာဉ်ထိန်းရဲများဟာ Surprised Check လို့ခေါ်တဲ့ လမ်းများပေါ် ရှောင်တခင် စစ်ဆေးခြင်းပြုလုပ်ကာ ဆိုင်ကယ်စီးရင်း ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူ၊ ဆိုင်ကယ်/ကား နံပတ်ပြားမပါတဲ့သူ၊ ဆိုင်ကယ်/ကား/လူ လိုင်စင်မပါတဲ့သူ အစသဖြင့်ကို အရေးယူ၊ ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ဟိန်းဟောက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိပါတယ်။

ထိုသို့ ဓားပြတိုက်/ငွေညှစ်သလို အတင်းဒဏ်ငွေဆောင်ခိုင်းလိုက်လို့ ရရှိလာတဲ့ ဒဏ်ဆောင်ငွေများကိုလည်း ယာဉ်ထိန်းရဲများဟာ ရာထူးအဆင့်ဆင့်အလိုက် (အထက်အဆင့်များသို့တိုင် လာဘ်ထိုးနည်းလမ်းတစ်မျိုးအဖြစ်) ခွဲဝေ/သုံးစွဲကြကြောင်းလည်း သိရပါတယ်။
တန်ပိုတင်ထားတဲ့ ယာဉ်ကြီး/ယာဉ်ငယ်များ (သို့) ကန့်သတ်ကုန်ပစ္စည်းတင်ထားတဲ့ ယာဉ်ကြီး/ယာဉ်ငယ်များထံမှ ကားတစ်စီးဘယ်လောက်ဆိုပြီး လမ်းမများပေါ် ဆက်ကြေးသဖွယ် တောင်းခံကြတဲ့ အလှည့်ကျငွေရှာရေး-ယာဉ်ထိန်းရဲများလည်း ရှိပါတယ်။

စစ်သား/ရဲ/ကြံ့ဖွတ်/SB/အာဏာတစ်ခုခုရှိသူတွေနဲ့ ၄င်းတို့နဲ့ ပတ်သက်ဆက်နွယ်သူများရဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှုများကိုတော့ အရေးယူခြင်းမရှိဘဲ ပစားပေး/မသိချင်ယောင်ဆောင်/အယောင်ပြဖမ်း/လွှတ်ပေး/ပြုံးပြခွင့်လွှတ်တတ်ပါတယ်။

“ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး” လို့ လေကြီးတတ်တဲ့ စစ်အဆိုးရဟာ သူတို့ချမှတ်ထားတဲ့ သူတို့ဥပဒေကို သူတို့ကိုယ်တိုင်ပဲ မသိကျိုးကျွံပြု၊ ချိုးဖောက်ပြနေရာမှာ အထက်ပါဓာတ်ပုံဟာ သက်သေများထဲကတစ်ခုဖြစ်ပါတယ်။     ။

ဒီဓာတ်ပုံကတော့ မန္တလေးမြို့ပေါ်မှာဖွင့်လှစ်ထားတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်က နံရံမှာ ကပ်ထားတဲ့ စာသားလေးပါ။ ဘာတဲ့။ “နိုင်ငံတော်အစိုးရအား ဆန့်ကျင်သော BLOG ရေးသားသူများအား သက်ဆိုင်ရာသို့ သတင်းပေးပို့တိုင်ကြားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ – M.M.M” ဆိုပဲ။
(အဲဒီအင်တာနက်ဆိုင်နာမည်ကိုတော့ ၄င်းဆိုင် နစ်နာထိခိုက်မှာစိုးလို့ မဖော်ပြတော့ပါဘူး။ ကဲ…ဒီတစ်ခါလည်း သဘောထားကြီးရပြန်ပြီနော်။)

အဲဒီအင်တာနက်ဆိုင်အနေနဲ့ -

၁။ ဆိုင်မှာ အင်တာနက်လာသုံးသူတစ်ဦးဦးကများ စစ်အဆိုးရဆန့်ကျင်ရေး ကမ္ဘာကျော် ဘလော့ဂ်ပို့စ်တစ်ခုခုကို ဒီဆိုင်ကတင်လိုက်လို့ စစ်အဆိုးရက သိသွားပြီး ဆိုင်ပိတ်သိမ်းအရေးယူခံရမှာ ကြောက်လို့သော်လည်းကောင်း၊
၂။ အဲဒီဆိုင်ရှင်ကိုယ်တိုင်က စစ်အဆိုးရအနွယ်ဝင်တစ်ဦးဦးဖြစ်လို့သော်လည်းကောင်း၊
၃။ စစ်အဆိုးရကို မျက်နှာလို မျက်နှာရ လုပ်လိုလွန်းနေလို့သော်လည်းကောင်း

ယခုကဲ့သို့ ခပ်ကြောင်ကြောင်/ခပ်ပေါပေါ စာသားကို ဆိုင်၏ နံရံအထက်တွင် ကပ်ထားဝံ့ပေ၏…ဟု မှတ်ယူလိုက်ရပါတော့တယ် ။        ။

ဒီဓာတ်ပုံကတော့ အဆန်းကြီးမဟုတ်ပါဘူး။ အဆန်းလေးပါ။
ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်မှာ ကျောင်းသားအရွယ် ကလေးငယ် (အလွန်ဆုံးရှိလှ ၆/၇/၈ တန်းပေါ့ဗျာ) ကျောင်းစိမ်းကလေးဝတ်လို့ ဆိုင်ကယ်ကို စီးနင်းနေပုံပါ။

ခေါင်းမှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားခြင်းမရှိပါ။
အသက်မှာ ကလေးပေါက်စ သာသာ။
အန္တရာယ်က လက်တစ်ကမ်းမှာ။
မိဘများလည်း ဆင်ခြင်စရာ…ပေါ့ဗျာ။      ။

————————————————————————————-


INSIDE BURMA NOW-A-DAY (Episode 1 to 6)
 

 
Follow

Get every new post delivered to your Inbox.