MYANMAR POLITICAL NEWS, ART AND IDEA

To upgrade Myanmar, we must do all necessary things for Myanmar !

>Do Thein Sein Forget His Real Father? May 15, 2011

Filed under: DAYS TOPICS,MY WRITING,PHOTOS — Nyo Gyi @ 1:00 am

>အဖေမေ့ပြီး ပထွေးကို ဂါရ၀ပြုတဲ့ သိန်းစိန်

ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေးသွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် ဂါရ၀ပြုလေ့မရှိခဲ့ဘဲ

အင်ဒိုနီးရှားရောက်သခိုက် အင်ဒိုသူရဲကောင်းဗိမာန်၌ အင်ဒိုသူရဲကောင်းများအား သိန်းစိန် ဂါရ၀ပြုနေစဉ်
(6, May, 2011)

ပထွေးဂါရ၀ပြု သိန်းစိန် ဓာတ်ပုံ- (10, May, 2011) ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၆)မှ

———————
သိန်းစိန်နည်းတူ အဖေကျော်ပြီး ပထွေးလွမ်းခဲ့ဖူးတဲ့ မောင်အေး

စစ်ကြံ့  ဖွတ်အာဏာရှင်များသည် ဆိုးသည့်မိုက်သည့် ကလိန်ကျသည့်အရာ၌ တစ်ဂိုဏ်းတည်း တစ်ဥာဏ်တည်း၊ စိတ်တူကိုယ်တူ ဆိုးဖော်မိုက်ဖက်များဖြစ်သည့်အားလျော်စွာ သိန်းစိန်၏ အာဏာရှင်စီနီယာဖြစ်သော မောင်အေးသည်လည်း ဗမာ့လွတ်လပ်ရေးအတွက်အသက်ပေး

သွားသော ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုသည့် အာဇာနည်များ၏ အာဇာနည်ဗိမာန်တွင် လွမ်းသူ့ပန်းခွေမချခဲ့ဘဲ

(2008, October, 8) ရက်က ဘင်္ဂလားဒေ့ရှ်ရောက်သခိုက် ဘင်္ဂလားအာဇာနည်ဗိမာန်၌ လွမ်းသူ့  ပန်းခွေချခဲ့ဖူးပါသည်။

Reference:
“ကိုမောင်အေး တစ်ယောက် အဖေကျော်ပြီး ပထွေးကိုလွမ်းခြင်း” Ko Maung Aye Forgot His Real Father?
http://bigbbrown.blogspot.com/2008/10/ko-maung-aye-forgot-his-real-father.html

 

>The Reality of Myanmar National League(MNL) is To Make People Weak? – Article 3 March 26, 2011

Filed under: MY WRITING,SPORT — Nyo Gyi @ 2:56 pm

>

MNL ဘောလုံးပြိုင်ပွဲများဖြင့်
ပြည်သူတွေကို သွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော (၃)

ဒီဆောင်းပါးနဲ့ဆိုရင် မြန်မာ့ဘောလုံးနဲ့ပတ်သက်လို့ ကျွန်တော့်ဘလော့ဂ်မှာ ကျွန်တော်ရေးတဲ့ ဆောင်းပါး (၃)ပုဒ်ရှိသွားပါပြီ။
“MNL ဘောလုံးပြိုင်ပွဲများဖြင့် ပြည်သူတွေကိုသွေးခွဲနေပြီလော၊ အာရုံပြောင်းနေပြီလော၊ လှည့်ဖြားရိုက်စားနေပြီလော” ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ပါ။
ဆောင်းပါး(၁)- http://bigbbrown.blogspot.com/2009/10/reality-of-myanmar-national-league-is.html
ဆောင်းပါး(၂)- http://bigbbrown.blogspot.com/2011/01/reality-of-myanmar-national-league-is.html

ဒီတစ်ခါရေးချင်လာတဲ့ အကြောင်းအရင်းကတော့ ကနေ့ မြန်မာပြည်က အိမ်ရှင်အဖြစ်လက်ခံကာ ကျင်းပနေတဲ့ AFC Challange Cup 2011 အတွက် ခြေစစ်ပွဲများမှာ မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို ၁း၁ ဂိုးနဲ့ သရေကျ၊ ဘင်္ဂလားဒေ့ရှ်ကို ၂းဝ ဂိုးနဲ့ ရှုံး၊ ယနေ့(၂၀၁၁၊ မတ်၊ ၂၅) – ပါလက်စတိုင်းကို ၃း၁ ဂိုးနဲ့ ထပ်ရှုံးပြီး ခြေစစ်ပွဲမအောင်တဲ့အပြင် အသင်းအတွင်း၊ အသင်းနဲ့ ပရိသတ်အကြား စည်းလုံးချစ်ခင်မှုတွေ ပိုမိုပြိုကွဲလာခဲ့ရတာကြောင့်ပါပဲ။

ဖီဖာဥက္ကဌ ဆပ်ဘလတ္တာနဲ့ မြန်မာ့ဘော

ပြီးခဲ့တဲ့ ၂၀၁၁၊ မတ်လ(၁၅)ရက်နေ့က Goal Project အစီအစဉ်နဲ့ မြန်မာပြည်ကို လာရောက်မဲဆွယ်သွားတဲ့ ကမ္ဘာ့ဘောအဖွဲ့ချုပ်ဥက္ကဌ ဆပ်ဘလတ္တာဟာ မြန်မာ့ဘောအဖွဲ့ချုပ်ဥက္ကဌ ဇော်ဇော်နဲ့ အတိုင်အဖောက်ညှိကာ(ဇော်ဇော်နဲ့ ဘာတွေအပေးအယူလုပ်ထားသလဲမသိ) -
“MFF ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်၏ ဖိတ်ကြားမှုကြောင့် မြန်မာနိုင်ငံသို့ လာရောက်ခွင့်ရခဲ့သည့် အတွက် ၀မ်းသာပီတိ ဖြစ်ရပါကြောင်း၊ ဂိုးပရောဂျက် အစီအစဉ်များဖြင့် အကောင်အထည် ဖော်ခဲ့သော အဆောက်အဦ၊ ဘောလုံးအကယ်ဒမီ အပါအ၀င် လူငယ်မျိုးဆက်သစ် ကစားသမားများကို အနာဂတ်အတွက် ပြုစုပျိုးထောင် လေ့ကျင့်ပေးနေမှုများမှာ ကျေနပ် အားရစရာကောင်းကြောင်း၊ တည်ဆောက်ဆဲ အားကစားကွင်းများမှာလည်း အလွန်ပင် အားရစရာ ကောင်းကြောင်းနှင့် အနာဂတ် မြန်မာဘောလုံး လောက ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းမွန်သည့် အခြေခံ အဆောက်အဦများ ဖြစ်ကြောင်း၊ MFF ဥက္ကဋ္ဌ ဦးဇော်ဇော်သည် မြန်မာနေရှင်နယ်လိဂ်ဟု ခေါ်သည့် ပရော်ဖက်ရှင်နယ်လိဂ် ပြိုင်ပွဲကို ပေါ်ပေါက်လာအောင် ဦးဆောင် ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်မှုမှာ အလွန်ပင် ကောင်းမွန်သည့် လုပ်ရပ် ဖြစ်ကြောင်း”… မြှောက်ပင့်ပြောဆို အသံကောင်းဟစ်ပြီး နောက်တစ်ကြိမ် ဖီဖာဥက္ကဌရာထူးအတွက် မဲဆွယ်ကာ ပြန်သွားခဲ့ပါတယ်။
(Ref: http://www.news-eleven.com/index.php?option=com_content&view=article&id=7592:2011-03-16-05-47-51&catid=42:2009-11-10-07-36-59&Itemid=112)

ခက်တာက လက်ရှိမြန်မာ့ဘောလုံးရပ်ဝန်းအခြေအနေ၊ ဇော်ဇော်တို့အခြေအနေကို မြန်မာပြည်သူများကလွဲပြီး ဘယ်သူကများ ပိုသိနိုင်ဦးပါ့မလဲ။

မြန်မာဘောအသင်း၏ ဂုဏ်ယူဖွယ် ရလဒ်များ

အရှေ့တောင်အာရှဆူဇူကီးဖလားပြိုင်ပွဲ (AFF Suzuki Cup 2010)
ဗီယက်နမ် (၇-၁) မြန်မာ၊ စင်ကာပူ (၂-၁) မြန်မာ၊ ဖိလစ်ပိုင် (၀-၀) မြန်မာ
စုစုပေါင်းမြန်မာရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၉)ဂိုး
အုပ်စုအောက်ဆုံးအဆင့်နှင့် ပြိုင်ပွဲမှ ထွက်ရ

AFC Challange Cup (2011) ခြေစစ်ပွဲ
မြန်မာ (၁-၁) ဖိလစ်ပိုင်၊ မြန်မာ (၀-၂) ဘင်္ဂလားဒေ့ရှ်၊ မြန်မာ (၁-၃) ပါလက်စတိုင်း
စုစုပေါင်းမြန်မာရမှတ် (၁)မှတ်၊ ရဂိုး (၂)ဂိုး၊ ပေးဂိုး (၆)ဂိုး
အုပ်စုအောက်ဆုံးအဆင့်နှင့် ခြေစစ်ပွဲမှ ထွက်ရ

ဖီဖာဥက္ကဌဆပ်ဘလတ္တာရေ… တကယ်အဟုတ်ကို အားရကျေနပ်စရာကောင်းလှတဲ့ မြန်မာ့ဘောလုံးအလားအလာပေပဲဗျာ။

အနူတောက သူဌေးရောဂါ

“ခေတ်ပျက်မှာ သူဌေးလုပ်ရတာ လွယ်သကိုးဗျ”… ဇော်ဇော်၊ တေဇ၊ အောင်ကိုဝင်း၊ ဌေးမြင့်၊ လွင်မိုး အစရှိတဲ့ အာဏာရှင်နောက်မြီးဆွဲများ(သို့မဟုတ်) အာဏာရှင်များရဲ့ ဒိုးတူပေါင်ဖက်စီးပွားဖက် သူဌေးဆိုသူတွေကတော့ ဒီလိုပဲတွေးနေ၊ ပြောနေကြမှာ အသေအချာပါပဲ။ ခုခေတ်မှာ သူဌေးဖြစ်နည်းဖော်မြူလာကား “သာ+ပေါင်း-ညာ×စား” ပင်ဖြစ်သတည်း… လို့ဆိုရမလိုပါပဲ။ လက်ဝါးကြီးအုပ်စီးပွားရေး(ဇာဂနာတို့ရဲ့ သူတောင်းစားညီလာခံ ကဇာတ်ထဲကလို ပြောရရင်) ချီးပွားရေးစနစ်နဲ့ အုပ်စီးနေကြတဲ့ လူတစ်စုရဲ့ အင်အားဟာ မြန်မာပြည်မယ် ပိုမိုကြီးထွားလာနေပါပြီ။ “ဘယ်သူသေသေ- ငတေ၊ ငရွှေ၊ ငဇော်၊ ငမိုးမာ” ပြီးရောသမားတွေပေါ့ဗျာ။

ခက်တာက အဲဒီချီးပွားရေးသမားတွေက ဘာလုပ်သလဲဆိုတော့ကာ သူတို့ရဲ့ လိမ်လည်လှည့်ဖျားရိုက်စား ချီးပွားရေးကိစ္စတွေကို မြန်မာလူထု အာရုံမကျ၊ သတိမထားမိအောင် မြန်မာလူထုကို အာရုံတွေလွှဲတဲ့အနေနဲ့ အပေါ်ယံ ဗန်းပြ အလုပ်တွေ (ဥပမာ- MNL ဘောပွဲများ)လုပ်ပြီး ပြည်သူကို လှည့်စားဖို့ ကြိုးစားတော့တာပါပဲ။

ဘောလုံးလောက တိုးတက်မလာဘဲ လူလည်မသားတွေရဲ့ စီးပွားရေးလုပ်ကွက်တွေသာ ပိုမိုတိုးတက်လာ

ဒါကတော့ မြင်သာပါတယ်။ မြန်မာဘောလုံးအသင်း၊ ဘောလုံးလောက တိုးတက်မှုရှိမရှိဆိုတာ မြင်သာပါတယ်။ ပြည်သူကြိုက် ဘောလုံးဗန်းပြပြီးတဲ့ကာ ဇော်ဇော်အနေနဲ့ နေပြည်တော် ဘောကွင်းတည်ဆောက်မှုတွေ၊ မန္တလေး အားကစားကွင်းတည်ဆောက်မှုတွေမှာ လုပ်ကွက်တွေရသွားပါတယ်။ တေဇကတော့ ပြောမနေပါနဲ့တော့။ ဗမာပြည်က လုပ်ငန်းကြီးမှန်သမျှ သူနဲ့ကို မကင်းနိုင်လောက်အောင်ပါပဲ။ ပြည်သူတွေအနေနဲ့ သေချာ စဉ်းစားစေချင်ပါတယ်။ တကယ်တိုင်းပြည်ကို ချစ်မြတ်နိုးပြီး ဘောလုံးလောကကို မြှင့်တင်ချင်တာလား။ သူတို့ ကိုယ်ကျိုးစီးပွားအတွက် ဘောလုံးကို ခုတုံးလုပ်နေကြတာလားဆိုတာကို သေချာစဉ်းစားအဖြေထုတ်စေချင်ပါတယ်။

ဇော်ဇော် ထိုးကျွေးတော့မယ်

အခြေအနေမကောင်းတဲ့ မြန်မာ့ဘောအဆင့်အတန်းကို ပြည်သူပရိသတ်တွေ ဒေါသထွက်နေချိန်မှာ လက်ရှိမြန်မာ့ဘောဥက္ကဌ ဇော်ဇော် ဘာလုပ်မယ်ထင်ပါသလဲ။ ထိုးကျွေးမှုတွေ လုပ်လာပါတော့မယ်။ လက်ရှိထိုးကျွေးစရာတွေလည်း အများကြီးရှိနေပါတယ်။ အာဏာရှင်ဆန်လှတဲ့ လက်ရှိဘောလုံးအဖွဲ့ချုပ်ကို ပြန်ပြော၊ ခံပြောရဲသူလည်း မရှိသလောက်ပါပဲ။ အရင်ဆုံး ထိုးကျွေးခံရမှာက လက်ရှိမြန်မာ့ဘောလက်ရွေးစင်ကစားသမားတွေပါ။ ဒီကစားသမားတွေကို ထိုးကျွေးပြီးရင် နောက်ထပ်ထိုးကျွေးခံရမှာက လက်ရှိ လက်ရွေးစင်နည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ်ဖြစ်ပါတယ် (သူကလည်း သူ့အပြစ်တစ်စက်မှ မရှိသယောင် ကစားတွေအပေါ် အပြစ်ပုံချနေပါတယ်)။ နည်းပြကို ထိုးကျွေးပြီးရင် ဇော်ဇော်ဟာ သူ့ကိုသူ ထိုးကျွေးပါဦးမယ်။ လက်ရှိဘောအဖွဲ့ချုပ်က သူနုတ်ထွက်လိုက်ရင်လည်း သူ့အတွက် ဘာမှ မထိခိုက်ပါဘူး။ ဘောနဲ့ ပတ်သက်တဲ့ ချီးပွားရေးလုပ်ကွက်အတော်များများအပြင် အခြားလုပ်ကွက်ပေါင်းများစွာ ဇော်ဇော်ရရှိပိုင်ဆိုင်ထားပြီးတဲ့နောက် သူ့မှာ နစ်နာစရာအကြောင်း ဘာမှ မရှိတော့ပါဘူး။ ဟိုလူ့လက်ညှိုးထိုး၊ ဒီလူ့လက်ညှိုးထိုးနဲ့ပဲ မြန်မာ့ဘောလုံးဟာ ကျရှုံးမှုတွေထဲမှာ ရစ်ဝဲလယ်လယ်ဖြစ်နေပါတော့မယ်။

လက်ရွေးစင်ကစားသမားတွေကို ပြည်သူတွေ မမုန်းစေချင်

မြန်မာ့ဘောလုံး လက်ရွေးစင်ကစားသမားတွေဟာ အင်မတန်သနားစရာကောင်းပါတယ်။ သူတို့ကိုချည်း အပြစ်ဖို့နေတာ မမျှတပါဘူး။ မြန်မာဘောကစားသမားတွေရဲ့ ဘောလုံးအပေါ်ချစ်မြတ်နိုးစိတ်၊ နိုင်ငံ့အပေါ်ချစ်မြတ်နိုးစိတ်တွေကို ဇော်ဇော်တို့ဟာ MNL ဘောပွဲများကျင်းပပြီး စနစ်တကျ ဖျက်ဆီးခဲ့ကြပါတယ်။ မီဒီယာတွေအနေနဲ့ မျက်စိမလျှမ်းစေချင်ပါဘူး။ လက်ရွေးစင်ကစားသမားတွေဟာ အာဏာရှင်တွေအုပ်ချုပ်အောက်မှာ စိတ်လက်မချမ်းမသာ ဘောလုံးကစားနေကြရတယ်ဆိုတာ မမေ့သင့်ပါဘူး။ သူတို့မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ ဘာမှ မရှိပါဘူး။ လွတ်လပ်စွာ ဘာမှ မလုပ်နိုင်ပါဘူး။ ဇော်ဇော်တို့က ၀င်ကန်ဆို ကန်ရတာပဲ။ မကန်ချင်လည်း ၀င်ကန်ရတာပဲ။ ကန်ချင်ပေမဲ့ မကန်နဲ့တော့ဆိုလည်း သူတို့ မကန်ရတော့ပါဘူး။ လက်ရွေးစင်ကစားသမားတွေဟာ နယ်ရုပ်တွေမဟုတ်ပါဘူး။ လူတွေပါ။ သူတို့ ကန်ချင်စိတ်၊ ကြိုးစားချင်စိတ်ရှိမှ ဘောလုံးရလဒ်တွေ တိုးတက်မှာပါ။ သူတို့ကို မလိုတစ်မျိုး၊ လိုတစ်မျိုးဆက်ဆံခံနေရရင် သူတို့စိတ်ချမ်းသာ၊ စိတ်ဓာတ်တက်ကြွစွာ ဘောကန်နိုင်မှာ မဟုတ်ပါဘူး။ မြန်မာ့လက်ရွေးစင်ဘောလုံးသမားတွေလည်း ကျွန်တော်တို့ဗမာပြည်သူပြည်သားတွေနည်းတူ အာဏာရှင်တွေရဲ့ ညံ့ဖျင်းလှတဲ့ စီမံခန့်ခွဲမှုအောက်မှာ နေထိုင်အသက်ဆက်နေကြရတာပါ။ MNL ဘောပွဲတွေကျင်းပပြီး ကစားသမားတွေကို ငွေတွေပုံပေးနေရုံနဲ့ ဘောလုံးလောက တိုးတက်မလာနိုင်ပါဘူး။ စိတ်ဓာတ်တွေကိုလည်း မြှင့်တင်ပေးနိုင်ရပါမယ်။ ခုတော့ ချီးပွားရေးစိတ်ဓာတ်တွေနဲ့ ဂွင်ဖန်ဖို့လောက် အားသန်တဲ့ ဇော်ဇော်တို့၊ တေဇတို့ရဲ့ အပေါ်ယံကြော-ရက်ရောမှုတွေဟာ ဘောသမားတွေရဲ့ စိတ်ဓာတ်ကို မမြှင့်တင်ပေးနိုင်ပါဘူး။ ဦးဆောင်သူဆိုတာ စံပြဖြစ်ရပါမယ်။ ပြည်သူပြည်သားစီးပွားရေးသမားအများစုကို လုပ်ပိုင်ခွင့်ကောင်းစွာမပေးဘဲ ချီးပွားရေးလက်ဝါးကြီးအုပ်ထားမှုတွေက ဇော်ဇော်၊ တေဇတို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းကို ကောင်းစွာ မီးမောင်းထိုး ဖော်ပြပေးနိုင်ပါတယ်။

ကိုယ်ကျိုးရှာ အာဏာရှင်သမားများ၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားတွေအောက်မှာ

ခုမြန်မာ့ဘောလုံးအသင်းကို လူငယ်တွေနဲ့ သွေးသစ်လောင်းတော့မယ်ဆိုပြီး လေသံပစ်နေပါတယ်။ ကိုယ်ကျိုးရှာ အာဏာရှင်သမားများ၊ လက်ဝါးကြီးအုပ်စီးပွားရေးသမားတွေအောက်မှာ ဒီလူငယ်တွေရဲ့ စိတ်ဓာတ်တွေကိုရော ဘယ်လို မြှင့်တင်ပေးနိုင်ဦးမှာလဲ။ “လူငယ်တွေ … မင်းတို့လည်း လူလည်ကျတတ်အောင် သင်ကြဦး”… ဆိုပြီး စိတ်ဓာတ်မြှင့်တင်ပေးကြမှာလား။

ဖီဖာနဲ့ ဖီဖာဥက္ကဌလည်း လူလည်ပါပဲ

ကမ္ဘာ့ဘောအဖွဲ့ချုပ်ဖီဖာဥက္ကဌဟာလည်း လူလည်ပါပဲ။ သူ့အကျိုးစီးပွား၊ ဖီဖာအကျိုးစီးပွားကိုပဲ သူကြည့်ပါလိမ့်မယ်။ ဘောအဖွဲ့ချုပ်တွေကို အစိုးရက ၀င်စွက်ရင် ဖီဖာက အရေးယူလေ့ရှိသတဲ့။ ဗမာ့ဘောအဖွဲ့ချုပ်ကိုရော ဘယ်လိုလုပ်မလဲ။ အစိုးရက ၀င်စွက်စရာ မလိုတော့လောက်အောင်ကိုပဲ ဗမာ့ဘောအဖွဲ့ချုပ်မှာ အာဏာရှင်အစိုးရလူတွေက လက်ဝါးကြီးအုပ်နေတာကိုးဗျ။ ဒါမျိုးကျ ဖီဖာက မျက်စိမှိတ်မသိချင်ယောင် ဆောင်နေရောလား။ နည်းပြဟာ သူ့စိတ်ကြိုက် ကစားသမားရွေးချယ်ခွင့်ရှိသလား။ သူ့စိတ်ကြိုက် သူ ဘာလုပ်နိုင်မလဲ။ ကစားသမားတွေကရော သူတို့စိတ်ကြိုက် ဘာလုပ်နိုင်ခွင့် ရှိပါသလဲ။ ရယ်စရာအတော်ကောင်းတဲ့ သပွတ်အူတွေပါပဲ။ ဖီဖာရဲ့ Goal Project တွေနဲ့တင် ဒီသပွတ်အူတွေ (ဖီဖာဥက္ကဌနဲ့ အပေါင်းအပါများ+ဗမာ့အာဏာရှင်များ+ဗမာ့ဘောအဖွဲ့ချုပ်+လက်ဝါးကြီးအုပ်ချီးပွားရေးသမား)တွေ အတော်ကြီးပွားဦးမှာ မြင်ယောင်နေသေးပါရဲ့။

ဘယ်လောက်စောင့်ရမှာလဲ

မြန်မာ့ဘော တိုးတက်ဖို့ ဘယ်လောက်ထပ်စောင့်ဆိုင်းရဦးမှာပါလဲ။ ချီးပွားရေးအကြံနဲ့ ဘောဗန်းပြတဲ့ ဇော်ဇော်၊ တေဇတို့ လူလည်မသားတစ်သိုက်ခြယ်လှယ်နေသ၍၊ အာဏာရှင်များရဲ့ ကိုယ်ကျိုးရှာအုပ်ချုပ်စီမံခန့်ခွဲမှုအောက်မှာ မြန်မာပြည်နေနေရသ၍ မြန်မာ့ဘောလည်း တိုးတက်လာဖို့ လမ်းမမြင်လှပါ။ ဘောလုံးလောကကိုတိုးတက်စေချင်ရင် ဘောလုံးကို တကယ်ချစ်သော၊ အားကစားကို တကယ်မြတ်နိုးသော အစိုးရ၊ ဘောအဖွဲ့ချုပ်ဖြစ်ဖို့လိုပါတယ်။ စစ်အင်အားအသုံးစရိတ်ကိုပဲ တိုးချဲ့ပြီး ချီးပွားရေးလက်ဝါးကြီးအုပ်သမားတွေနဲ့ ဒိုးတူပေါင်ဖက် ပူးပေါင်းလူလည်ကျနေတဲ့ အာဏာရှင်များ တည်မြဲနေသ၍ မြန်မာ့ဘောလုံးတိုးတက်လာဖို့ဆိုသည်မှာ “အိပ်ပေါက်နဲ့ ဖားကောက်” တဲ့ စကားပုံထက်ဆိုးစွာ “စိတ်အပေါက်တွေနဲ့ အယားဖျောက်” သလိုသာ ဖြစ်နေမယ့်အကြောင်း စာပန်းဆင်လိုက်ရပါတော့တယ်။ ။

တော်လှန်နိုင်ငံရေးအကျဉ်းသမားများအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ…
ညိုကြီး
(၂၆၊ မတ်၊ ၂၀၁၁)
 

>Bad News For Buddha’s Sons and Daughters of Muse District February 16, 2011

Filed under: MY NEWS,MY WRITING,PHOTOS — Nyo Gyi @ 12:30 pm

>

မူဆယ်ခရိုင်မှာ ဗုဒ္ဓသာသနာ အစော်ကားခံရပြီလော

“မူဆယ်ခရိုင်အတွင်း ရဟန်းသံဃာ၊ သီလရှင်များ လှည့်လည်အလှူခံခွင့်မရှိ၊ အလှူခံချင်လျှင် ရက်အကန့်အသတ်ဖြင့်သာ အလှူခံခွင့်ရှိ” ဟု ဟု မူဆယ်ခရိုင်သာသနာရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာနမှ အမိန့်ထုတ်ပြန်ထား

မူဆယ်မြို့၊ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွင် အသိပေးစာတစ်ခု ဖတ်ခဲ့ရသည်မှာ လွန်စွာထူးခြား၏။ မြန်မာ-တရုတ် ၂ ဘာသာဖြင့် ရေးသားထားသော ယင်းအသိပေးစာမှ မြန်မာဘာသာကို ကူးယူဖော်ပြလိုက်ပါသည်။ (ပူးတွဲပါပုံတွင်လည်း ကြည့်နိုင်ပါသည်)


မူဆယ်ခရိုင်သာသနာရေးမှူးရုံး၊ သာသနာရေးဝန်ကြီးဌာန

အသိပေးစာ

မူဆယ်ခရိုင်၊မူဆယ်မြို့နယ်သံဃနာယကအဖွဲ့၊ ခရိုင်သာသနာရေးမှူးရုံးတို့မှ မူဆယ်ဒေသအတွင်း မည်သည့်၊ ရဟန်းသံဃာ သီလရှင်များကိုယ်တိုင်ဈေး၊ရပ်ကွက်လူနေအိမ်များတွင်လှည့်လည်အလှူခံယူခြင်းအား ခွင့်မပြု ထားသလို၊ တည်းခိုခန်း၊ လူနေအိမ်များတွင် နေထိုင် ခွင့်မပြုထားပါ။

မူဆယ်မြို့နယ်မှအလှူခံယူလိုသူများကိုလည်း၊ မြို့နယ်သံဃနာယကအဖွဲ့၊ ခရိုင်သာသနာရေးမှူးရုံးတို့မှ ဒေသအာဏာပိုင်ထံ ခွင့်ပြုချက်ယူ၍ ရက်အကန့်အသတ်ဖြင့်သာ အလှူခံခွင့်ပြုပါသည်။

ဤရုံးနှင့်၊သံဃအဖွဲ့၏ထောက်ခံချက်သက်သေ(စာရွက်)အထောက်အထားမရှိပါက အလှူခံယူခြင်း ၊နေထိုင်ခြင်းအား ဥပဒေအရ အရေး ယူဆောင်ရွက်သွားရန် ဖြစ်ပါသည်။

ခရိုင်သာသနာရေးမှူး
မူဆယ်ခရိုင်

(မြန်မာနိုင်ငံမူဆယ်မှ တရုတ်နိုင်ငံ ကျယ်ဂေါင်သို့ အထွက် နယ်စပ်ဂိတ်။ အသိပေးစာကို အနီဖြင့် ၀ိုင်းပြထားသည်)

စာကို ဖတ်မိပြီး ဗမာနိုင်ငံသား၊ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သူ စာရေးသူမှာ အလွန်အံ့သြကာ ဗုဒ္ဓသာသာနာအတွက် ရင်လေးမိပါတော့သည်။ ဗုဒ္ဓဘုရားရှင်လက်ထက်က ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် လှည့်လည်ဆွမ်းခံပြီး ဆွမ်းဘုဉ်းပေးခဲ့ပါသည်။

ကြယ်စင်ရေးသားသော “ဘုရားရှင်တို့၏ တူညီသော အချက် ၃၀” https://sandarthuriya.wordpress.com/
တွင် ဘုရားရှင်တို့မည်သည် ဆွမ်းခံကြောင်း ဖတ်ရှုနိုင်သည်။

အရှင်ဉာဏဒီပ (အိန္ဒိယနိုင်ငံ၊ နယူးဒေလီတက္ကသိုလ်) http://ashinnyanadipa.blogspot.com ရေးသားသော “ဆွမ်းခံခြင်းသည် တောင်းခံခြင်းလော…” ဆောင်းပါးတွင်လည်း ဆွမ်းခံခြင်းအကြောင်းကို ရှင်းပြထားသည်။

သို့ဖြစ်ရာ ပူးတွဲပါ အသိပေးစာအရ ဗုဒ္ဓသာသာနာတော်မှာ ညှိုးနွမ်းဖွယ်ရာဖြစ်နေပါသည်။ ရက်အကန့်အသတ်ဖြင့် ဆွမ်းခံ(အလှူခံ)လိုလျှင်တောင် ဒေသအာဏာပိုင်တို့ထံမှ ခွင့်ပြုချက်ယူရမည်ဟု ဆိုထားပြန်ရာ ယနေ့ အာဏာရှင်များခေတ်တွင် ဘုရားပွင့်တော်မူလျှင်တောင် ထိုဘုရားရှင်မှာ ဆွမ်းခံ(အလှူခံ)လိုလျှင် ဒေသဆိုင်ရာ အာဏာပိုင်တို့ထံမှ ခွင့်ပြုချက်တောင်းရဦးမည်ကဲ့သို့ ဖြစ်နေပါသည်။

“ဤရုံးနှင့်၊သံဃအဖွဲ့၏ထောက်ခံချက်သက်သေ(စာရွက်)အထောက်အထားမရှိပါက အလှူခံယူခြင်း ၊နေထိုင်ခြင်းအား ဥပဒေအရ အရေး ယူဆောင်ရွက်သွားရန် ဖြစ်ပါသည်” ဟုဆိုသေးရာ ဗုဒ္ဓဘုရား၏ သားတော်၊ သမီးတော် ရဟန်းသံဃာ၊ သီလရှင်များအဖို့ ဆွမ်းခံ(အလှူခံ)ဖို့ရာမှာပင် ထောက်ခံချက်မရှိပါက အဖမ်းခံရဖွယ်(အရေးယူခံရဖွယ်)ဖြစ်နေပါသည်။

မူဆယ်မြို့မှ အဆိုပါ အသိပေးစာကား ဗုဒ္ဓဘာသာ၊ သာသနာကို ပြောင်ပြောင်တင်းတင်း စော်ကားလိုက်ခြင်းပင်ဖြစ်ပေသည်။

မူဆယ်ခရိုင်မှာ ဗုဒ္ဓမျက်နှာတော် အိုးမည်းအသုတ်ခံလိုက်ရချေပြီတည်း….။ ။

ဝမ်းနည်းစွာဖြင့်-

ဘ၀ဧည့်သည်တစ်ဦး (ခေတ္တ မူဆယ်)

 

Cyclone Nargis, 2 Years After May 3, 2010

Filed under:ို,MY WRITING,NARGIS CYCLONE,PHOTOS — Nyo Gyi @ 11:15 am
နာဂစ် (၂)နှစ်ပြည့်

၂၀၀၈၊ မေလ (၂)/(၃) နေ့များမှာ ဗမာပြည်၊ ဧရာဝတီတိုင်းနှင့် အခြား မြစ်ဝကျွန်းပေါ်ဒေသများကို နာဂစ်ဆိုက်ကလုံးအမည်ရှိ အန္တရာယ်ဆိုးကြီးက ၀င်ရောက်မွှေနှောက်ကာ သိန်းချီသော ပြည်သူများ၏အသက်ဇီဝိန်ကို ချွေ၍ သန်းချီသော ပြည်သူများကို အတိဒုက္ခရောက်စေခဲ့သည်။

နာဂစ်မုန်တိုင်းသင့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရမည့်အစား မိမိအာဏာတည်မြဲရေးအတွက်ေ၀၀ါးယုတ်မာစွာနှင့် ဘာမဟုတ်သည့် ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေဆိုသည့် အာဏာရူးဥပဒေအတည်ပြုပွဲကို ၂၀၀၈၊ မေလ (၁၀)ရက်နေ့မှာ ဇွတ်ကျင်းပအတည်ပြုပြီး ပြည်သူတွေ၏ နာဂစ်ဒုက္ခအား လစ်လျူရှုစော်ကားခဲ့သည့် စစ်အာဏာရှင်များ၏ အောက်တန်းကျသည့် စိတ်ဓာတ်မှာကား ရှာမှရှား ဆိုးဝါးလှချေတကား။

ယခုလည်း ထို ၂၀၀၈ နာဂစ်အခြေခံဥပဒေ၏ ဆင့်ပွား ၂၀၁၀ ယုတ်မာရွေးကောက်ပွဲဆိုသည်ကို စစ်အာဏာရှင်များက ကျင်းပဦးမည်ဆိုရာ ယနေ့ နာဂစ် (၂)နှစ်ပြည့်အခါသမယကာလမှာ အော့နှလုံးနာစရာကိစ္စရပ်ကြီး ဖြစ်လာပေတော့သည်။

———————————————

(10, July, 2008) က ဤဘလော့ဂ်မှာပင် ကျွန်တော် ရေးတင်ခဲ့ဖူးသော
နာဂစ်ကဗျာအား နာဂစ် (၂)နှစ်ပြည့်အဖြစ် အမှတ်တရ ပြန်လည် ဖော်ပြလိုက်ပါသည်။

http://bigbbrown.blogspot.com/2008/07/my-helping-tour-to-nargis-area.html


“နာဂစ်ဒေသက ပြန်ခဲ့တယ်…”

ကြေကွဲဝမ်းနည်းဖွယ်…။

ဂရုဏာရသ ဒင်းကြမ်းထ…။

ငိုနေတဲ့ မျက်လုံးများကို မှိတ်မရဘူး…။

မျောက်အုန်းသီးရသလို စီမံခန့်ခွဲမှုများရဲ့ အောက်မှာ…
တို့ပြည်သူတွေ ဘ၀ပျောက်ခဲ့ရပေါ့…။

ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပါပြီ…တဲ့
ဟုတ်လိုက်လေဗျာ…
ကယ်စရာမလိုတော့အောင်
လူတွေဟာ…
ကူရာကယ်ရာမဲ့ သေဆုံးခဲ့ကြ
ငတ်မွတ်ဆာလောင်ခြင်းတွေနဲ့ သေဆုံးခဲ့ကြ
လမ်းပျောက် အော်ဟစ်ရင်း သေဆုံးခဲ့ကြ
(သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရရဲ့ စာထဲကအတိုင်း ပြောရရင်
ပရမ်းပတာ သေဆုံးခဲ့ကြ)
ကယ်ဆယ်ရေးအချိန်မီ မစတင်ခဲ့တဲ့ ရက်စွဲများ….
၃၊ ၄၊ ၅၊ ၆၊ ၇….မေ။

ထိခိုက်မှုနည်းတဲ့ ရွာသားများက
ထိခိုက်မှုများတဲ့ ရွာသားများကို ကယ်ဆယ်ကျွေးမွေးခဲ့ကြ…
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ရွာတွေဟာ ရွာလုံးလုံးပျောက်ရှခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ကျွဲတွေ၊ နွားတွေ၊ ကြက်တွေ၊ ဘဲတွေ၊ ၀က်တွေ၊ ငှက်တွေ
အများကြီး (အများကြီး) သေဆုံးခဲ့ကြ
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

လယ်တွေပျက်၊ သောက်ရေကန်ပျက်၊ စိတ်တွေပျက်
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

ဖူးစရာ ဘုရားတောင် နာဂစ်နဲ့ ပျောက်သွား၊ ပျက်သွား
စစ်အစိုးရကတော့ အေးဆေးပါ..တဲ့။

သိန်းချီသေဆုံးပြီး သန်းချီ ဒုက္ခရောက်ခဲ့ကြ
စစ်အဆိုးရကတော့ အေးဆေးပါ..တဲ့။

နိုင်ငံတကာ အလှူရှင်တွေကိုလည်း စော်ကားမော်ကား လုပ်လားလုပ်ရဲ့
ဖောက်ပြား၊ ဟောက်စားတဲ့ မသူတော်တွေ…။

အယောင်ဆောင် ကယ်ဆယ်ရေးတွေနဲ့
ဓာတ်ပုံရိုက်ဖို့သက်သက် ကယ်ဆယ်ရေးတွေနဲ့
ရုပ်မြင်သံကြား ရိုက်ကူးရေးသက်သက် ကယ်ဆယ်ရေးတွေနဲ့
ကယ်ဆယ်ရေးပစ္စည်းကို ခိုးတဲ့ နအဖလက်ပါးစေတွေနဲ့
တစ်ဆုပ်လိုတာ တစ်စေ့ပဲ ပေးတဲ့ နအဖရဲ့ အစီအမံတွေနဲ့
လယ်ထွန်စက် ဆယ်ရွာတစ်လုံးနှုန်းနဲ့ ။

အရင်ကတည်းက မရှိရှာခဲ့တဲ့ ဧရာဝတီပြည်သူတွေ
အခုတော့
မရှိရာကနေ ဘာမှ မရှိတော့
ဆွေမရှိ၊ မျိုးမရှိ၊ ပိုက်ဆံမရှိ၊ စားစရာမရှိ
ကျန်းမာရေးမရှိ၊ အနာဂတ်မရှိ
နေစရာက အိမ်သာ သာသာ ဓနိတဲ
မရှိတော့ ဆင်းရဲ၊ ဆင်းရဲတော့ ကျောမွဲ ။

ပြောပြန်ရင်လည်း ညိုကြီးလွန်ရာ မကျတော့ဘူး
ပြည်သူတွေရဲ့ တစ်ထွာဗိုက်တွေအတွက်
တိုက်ပွဲကတော့ တိုက်ကို တိုက်မှ ဖြစ်တော့မယ်

စစ်အဆိုးရ ကျဆုံးပါစေ…။ ။

မောင်ညိုကြီး
၁၀.၇.၂၀၀၈

———————————————

ကျွန်တော့်ဘလော့ဂ်တွင် ကျွန်တော်တင်ခဲ့ဖူးသော နာဂစ်ပို့စ်များ
http://bigbbrown.blogspot.com/search/label/NARGIS%20CYCLONE

———————————————

ညိုကြီး၏ နာဂစ်ဆောင်းပါး
“ရဟန်းသံဃာများ၏ မေတ္တာ၊ ကရုဏာ၊ စေတနာ” နှင့် “စစ်အဆိုးရ၏ အ၀ိဇ္ဇာ၊ တဏှာ၊ ဝေဒနာ”
http://bigbbrown.blogspot.com/2008/05/burma-monks-activities-after-nargis.html

 

The Voice Weekly Journal said, "In Burma, DSMA Military Doctors = Quacks" March 3, 2010

Filed under: JOURNALS,MY NEWS,MY WRITING — Nyo Gyi @ 11:42 am
စစ်ဆေး၊ ရမ်းကုများရဲ့  အန္တရာယ်ကို The Voice Weekly ဂျာနယ်ဆောင်းပါးက ဖော်ထုတ်

The Voice Weekly ဂျာနယ်၊ Vol.6/ No.17, Monday, March 1-7, 2010 မှ ရန်အောင်(ဆေး၁)“ရင်ထဲမှာရှိနေတာတွေ” ဆောင်းပါးတွင် ယနေ့ဗမာပြည်တွင်း၌ စစ်ဆေး၊ ရမ်းကုများ၏ ပြဿနာမှာ မသေးလှကြောင်း ရဲရဲဝံ့ဝံ့ သုံးသပ်ပြထားသည်။

ဆောင်းပါးရှင်ဆိုလိုသော “စစ်ဆေး” ဆိုသည်မှာ စစ်ဆေးတက္ကသိုလ်ဆင်း ဆေးဗိုလ်များကို ဆိုလိုပုံရ၏။ အင်္ဂလိပ်လို အတိုကောက် DSMA ဟုခေါ်ဝေါ်သော စစ်ဆေးတက္ကသိုလ် (Defence Services Medical Academy)ဆင်း ဆေးဗိုလ်များကို ရမ်းကုနှင့် တစ်တန်းတည်းထားကာ ထိုစစ်ဆေး၊ ရမ်းကုများက ဗမာပြည်သူလူထုကို မည်ကဲ့သို့ ကျန်းမာရေးအန္တရာယ်ပေးနေပုံကို ဆောင်းပါးရှင်က မကြောက်မရွံ့  တင်ပြထားပါသည်။

The Voice Weekly ဂျာနယ်၊ Vol.6/ No.17, Monday, March 1-7, 2010 မှ
ရန်အောင်(ဆေး၁)၏ “ရင်ထဲမှာရှိနေတာတွေ” ဆောင်းပါး

(အောက်က ပုံကို ကလစ်နှိပ်အကျယ်ချဲ့  ဖတ်ပါ)

The Voice Weekly Journal, Vol.6/ No.17, Monday, March 1-7, 2010

မှတ်ချက်။ ။ “စပ်ဆေး နှင့် စစ်ဆေး” စာလုံးပေါင်းဖလှယ်ကာ The Voice Weekly ဂျာနယ်တိုက်က မသိမသာ စာလုံးပေါင်း ပြောင်းရိုက်ပေးထားခြင်းလည်း ဖြစ်နိုင်ပါသည်။

အထက်ပါဂျာနယ်အား မေးမှ ပို့ပေးသော phyowai -mmp အား အထူးကျေးဇူးတင်သည်။

 

Ludu U Hla, 100th Year (News & Photos) January 19, 2010

လူထုဦးလှ ရာပြည့်ပွဲJustify Full
(၁၉၊ ဇန်န၀ါရီ၊ ၀၁၀)

သတင်းစာဆရာ၊ စာရေးဆရာ လူထုဦးလှ နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ ၃၅ လမ်း၊ ၈၅ – ၈၆ လမ်းကြား၊ မြတောင်ဘုန်းကြီးကျောင်းတိုက်၊ ရာပြည့်ဗိမာန်မှာ ယနေ့ ကျင်းပခဲ့ပါတယ်။


လူထုဦးလှရာပြည့်ပွဲကျင်းပရာ မြတောင်ရာပြည့်ဗိမာန်တော်နှင့်
မြတောင်ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ လူထုဦးလှ အမှတ်တရသစ်ပင် ကျောက်စာတုံး


နံနက် (၁၀)နာရီခွဲ

မှာ လူထုမိသားစုက ဘုန်းကြီးအပါး (၅၅)ပါးကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး ရာပြည့်ပွဲလာ ပရိသတ်အပေါင်းကို (စစ်ခွေးတွေကိုပါမကျန်) နေ့လည်စာ ကျွေးပါတယ်။


နံနက် (၁၁)နာရီ (၃၀)မိနစ်ခန့်

မှာ လူထုဦးလှ ရာပြည့်ပွဲကို ပေးပို့လာတဲ့ သ၀ဏ်လွှာများကို ဖတ်ကြားပါတယ်။ သ၀ဏ်လွှာများမှာ
၁။ ဦးသော်ကောင်းရဲ့ ” လူထုဦးလှ အမှတ်တရ ” သ၀ဏ်လွှာ ကို စာရေးဆရာ ဆူးငှက်က လည်းကောင်း
၂။ ဦးဝင်းတင်ရဲ့ ” လူထုကို မျက်နှာမူခဲ့တဲ့ ဦးလှ ” သ၀ဏ်လွှာကို စာရေးဆရာ ညီစေမင်းက လည်းကောင်း
၃။ ဒဂုန်တာရာရဲ့ သ၀ဏ်လွှာကို ကဗျာဆရာ မောင်နီဦးက လည်းကောင်း
၎။ ကလျာ(၀ိဇ္ဇာ/သိပ္ပံ)ရဲ့ ” ဦးလေးလှအတွက် သ၀ဏ်လွှာ ” ကို စာရေးဆရာမ ၀င်းဝင်းမြင့်(နန်းတော်ရှေ့)က လည်းကောင်း
၅။ ဦးဝင်းငြိမ်းရဲ့ ” ကျွန်တော်သိသမျှ ဘဘဦးလှ ” သ၀ဏ်လွှာကို အယ်ဒီတာ၊ ကဗျာဆရာ မောင်တင်သစ်က လည်းကောင်း အသီးသီး ကိုယ်စားဖတ်ကြားကြပါတယ်။

စာရေးဆရာ ညီစေမင်း (တိုက်ပုံနှင့် ဆံပင်ဖြူဖြူ၊ ခပ်ပြုံးပြုံး)

အဲဒီနောက်ဆက်လက်ပြီး
လူထုဦးလှ ရာပြည့်အမှတ်တရ လူထုဦးလှအကြောင်း စာတမ်းများဖတ်ကြားကြပါတယ်။
၁။ လူထုစိန်ဝင်းရဲ့ ” ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ ” စာတမ်းကို စာရေးဆရာ၊ အယ်ဒီတာ ကျော်ရင်မြင့် က လည်းကောင်း
၂။ ဒေါ်ခင်နှင်းဦးရဲ့ ” ထောင်နံရံတွင် ထင်ဟပ်နေသော ခေတ်၏ ပုံရိပ်များ ” စာတမ်းကို စာရေးဆရာမ မိချမ်းဝေ ကလည်းကောင်း
၃။ စိုးနိုင် (မန္တလေးတက္ကသိုလ်)ရဲ့ ” ပုံပြင်ဦးလှ ” စာတမ်းကို စာတမ်းရှင်ကိုယ်တိုင်ကလည်းကောင်း အသီးသီးဖတ်ကြားကာ ရာပြည့်ဦးလှကို လူထုတစ်ရပ်လုံးကိုယ်စား ဂုဏ်ပြုခဲ့ကြပါတယ်။

အခမ်းအနားကို
ဟံသာဝတီသတင်းစာအယ်ဒီတာချုပ်ဟောင်း ဦးဝင်းတင်၊ NLD ရဲ့ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်နှင့် သူ၏ ဇနီး အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်နိုင်ငံရေးသမားများ၊ ကဗျာဆရာကြီး အံ့မောင်၊ ကိုလေး (အင်းဝဂုဏ်ရည်)၊ ပိုင်စိုးဝေ အပါအ၀င် အနယ်နယ်အရပ်ရပ်မှ တော်လှန်ကဗျာဆရာများ၊ အနယ်နယ်အရပ်ရပ်မှ စာရေးဆရာများ၊ သတင်းထောက်များ (အင်အား ၂၀၀ ကျော်ခန့်) လူထုဦးလှ ရာပြည့်အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။



အခမ်းအနားကျင်းပရာ

မြတောင်ကျောင်းတိုက်ဝင်းအတွင်းမှာ ပိတောက်ပွင့်သစ်မဂ္ဂဇင်း အရောင်းကိုယ်စားလှယ်များက လူထုဦးလှ၊ လူထုဒေါ်အမာတို့အတွက် အထူးထုတ်ဝေထားပြီးဖြစ်သော ပိတောက်ပွင့်သစ်မဂ္ဂဇင်းများကို ပြန်လည် ခင်းကျင်း၊ ရောင်းချပေးခဲ့ပါတယ်။

ထုံးစံအတိုင်း
စစ်အဆိုးရ ထောက်လှမ်းရေးများ၊ ကြံ့ဖွတ်သတင်းပေးများလည်း အခမ်းအနားကို အတည်ပေါက်တက်ရောက်၊ ဓာတ်ပုံရိုက်၊ သတင်းယူခဲ့ကြပါသေးတယ်။

- ညိုကြီး
 

INCREASED SALARY CAN’T STOP THE BURMESE PEOPLE’S CRYING January 11, 2010

Filed under: DAYS TOPICS,MY NEWS,MY WRITING,PHOTOS,SATIRE — Nyo Gyi @ 6:15 pm
စစ်အဆိုးရ၏ ၂၀၁၀ မဖြစ်ညစ်ကျယ် လစာတိုး စည်းရုံးရေး
(သို့မဟုတ်)
စစ်အဆိုးရမှ ထုတ်ပြန်ခဲ့သော
လစာတိုး ကြော်ငြာစာများ

အောက်မှာ ပူးတွဲဖော်ပြထားတဲ့ ပုံတွေကတော့ ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာ (၃၁) ရက်စွဲ နဲ့ စစ်အဆိုးရက ထုတ်ပြန်လိုက်တဲ့ လစာတိုးအမိန့်ကြော်ငြာစာတွေပါ။


အစိုးရ၀န်ထမ်းများ၏ လစာနှုန်း၊ ပင်စင်လစာနှင့် လုပ်ခများ တိုးမြှင့်သတ်မှတ်ခြင်း



တပ်မတော်(ကြည်း၊ရေ၊လေ)မှ တပ်မတော်သားများ၏ အခြေခံလစာနှုန်းသစ်များ

နိုင်ငံတော်ဝန်ထမ်းများ၏ လစဉ်ပင်စင်သတ်မှတ်ခြင်းကိစ္စ

စစ်တပ်ကမဟုတ်တဲ့ အဆင့်မြင့်ဆုံး အရပ်ဝတ် ၀န်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာနှုန်းထား အမြင့်ဆုံး (၂၁၀၀၀၀ – ၂၀၀၀ – ၂၂၀၀၀၀)ဟာ စစ်တပ်က ဗိုလ်မှူးကြီးတစ်ယောက်ရတဲ့ လစာ (၂၁၀၀၀၀ – ၂၀၀၀ – ၂၂၀၀၀၀)မျှနဲ့သာ သွားတူနေတာတွေ့ရမှာပါ။

ပြီးတော့ တရားမျှတမှုမရှိဘဲ ရယ်ချင်စဖွယ်ကောင်းတဲ့စာသားတွေလည်း ကြော်ငြာစာတွေထဲပါရှိပါတယ်။

“… – ဒုတိယဗိုလ်မှ ဗိုလ်ချုပ်မှူးကြီးအထိ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)အဖြစ် တစ်လလျှင် ကျပ် (၅၀၀၀)ခံစားခွင့်ပြုသည်။
- ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် (M.H.R.A)ကို အငြိမ်းစားလစာတွက်ရာတွင် ထည့်သွင်းတွက်ချက်ရမည်။ ….”

ဆိုတဲ့ ကြော်ငြာစာသားတွေပါ။

ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးသို့ မေးခွန်းတစ်ခုလောက် မေးခွင့်ပြုပါခင်ဗျား။

ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ်ဆိုတာကို ဘယ်လိုနားလည်ရပါမည်လဲခင်ဗျား။ တိုင်းပြည်ကောင်းစားစေချင်တဲ့ စေတနာနဲ့ ရိုးသားစွာ အကြံပြုဝေဖန်ထောက်ပြ၊ ဆန္ဒထုတ်ဖော်တဲ့ သံဃာ၊ ကျောင်းသား၊ ပြည်သူပြည်သား၊ တိုင်းရင်းသားများကို သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ကလူပြုနေရတာနဲ့ ပင်ပန်းနေရှာမှာပေါ့။ ဟုတ်လား။ ပြီးတော့ သက်စွန့်တာဝန်စရိတ်… တဲ့။ ဘယ်နားမှာသွားပြီး အသက်စွန့်နေကြပါသလဲ… ဒုတိယဗိုလ်မှသည် ဗိုလ်ချုပ်မှူးကြီးများ ခင်ဗျား?
(ဗိုလ်ချုပ်မှူးကြီးဆို လူတကာက သေအောင် ဆုတောင်းနေတာတောင် မသေနိုင်သေးဘဲနဲ့။ အံမယ်။ အဲဒီ ဗိုလ်ချုပ်မှူးကြီးဆိုသူက လစာ တစ်လ ကျပ်(၁၂)သိန်းတောင် ယူထားသေးသဗျ။)

ဒီစစ်တပ်အရာရှိဆိုတဲ့ လူစိမ်းတွေဟာ ကိုယ့်ကိုယ်ကိုတော့ အတော်သွေးနားထင်ရောက်နေပုံရပါတယ်။ သူတို့ပဲ တိုင်းပြည်အတွက် အသက်စွန့်/ပင်ပန်းကြမ်းတမ်းနေရတယ် ထင်ကြတယ်။ ပင်ပန်းကြမ်းတမ်းမှုနှင့် သက်စွန့်တာဝန်စရိတ် တွေဘာတွေလုပ်လို့။

အခြားအသက်စွန့်/ပင်ပန်းကြမ်းတမ်းစွာ လုပ်ကိုင်နေရတဲ့ ၀န်ထမ်းတွေရဲ့ ဘ၀တွေကရော ဘာထူးလဲ။ ထင်သာမြင်သာရှိတဲ့ ဥပမာလေးတွေ ထုတ်ပြရရင် -
၁။ ရဲဝန်ထမ်းတွေဆိုရင်လည်း အသက်စွန့်/ပင်ပန်းကြမ်းတမ်းတာပါပဲ။ (ယာဉ်ထိန်းရဲဆိုရင်လည်း ယာဉ်အတိုက်ခံရနိုင်တယ်။ နေပူထဲလည်း ရပ်ရတယ်)။
၂။ ဆရာဝန်= ဆရာဝန်တွေမှာလည်း လူနာဆီက ရောဂါတွေကူးစက်နိုင်တယ်။ အချို့ကူးစက်ရောဂါတွေက အသက်အန္တရာယ်ထိခိုက်စေနိုင်တယ်။ လူဖြစ်ရှုံးစေနိုင်လောက်တဲ့ ရောဂါတွေလည်း ကူးစက်ခံရနိုင်တယ်။  နေ့မအိပ်/ညမအိပ်ဘဲ တာဝန်ကျေပွန်စွာ လူနာတွေကုသနေတဲ့ ဆရာဝန်တွေ ပြည်တွင်းမှာ အများကြီးရှိပါတယ်။
၃။ အခြားလုပ်ငန်းကိုယ်စီမှာလည်း သူ့အထွာနဲ့သူ အသက်စွန့်/ ပင်ပန်းကြမ်းတမ်းကြတာချည်းပါပဲ။

စစ်အရာရှိတွေဟာ ဘာကြောင့် သူများထက် ပိုပင်ပန်း/အသက်စွန့် ရမှာပါလဲ။ ဘာကြောင့် အခြားဝန်ထမ်းတွေထက် လစာပိုရရမှာပါလဲ။ လုပ်ငန်းကိုယ်စီမှာ ပင်ပန်းမှုကိုယ်စီ၊ လုပ်ငန်းခွင်အန္တရာယ်ကိုယ်စီ ရှိပါတယ်။

စစ်အရာရှိတွေအနေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို တွဲယူရလို့ ပင်ပန်းတယ်လို့ဆိုရအောင်ကလည်း သူတို့ကို ဘယ်ပြည်သူကမှ တင်မြှောက်ထားတာမဟုတ်။ အတင်း စစ်အာဏာသိမ်းပြီး နိုင့်ထက်စီးမိုး အုပ်စိုးနေတာပဲမင့်ဟာ။ ဆင်းပါလို့ အေးအေးဆေးဆေးပြောလည်း မဆင်း။ ဆွဲချမယ်ကြံတော့လည်း ဒုံးပေကပ်သပ်။ ပလ္လင်ပေါ်က မျောက်ကလေး လုပ်ကောင်းတုန်း။

တကယ်တော့ လက်ရှိ ဗမာပြည်က ၀န်ထမ်းများဟာ မ၀ရေစာ လစာများနဲ့သာ တိုင်းပြည့်တာဝန်ကို ချို့တဲ့စွာ ထမ်းဆောင်နေကြရတာဖြစ်တယ်။ ဒါကြောင့်လည်း လာဘ်လာဘ တောင်းယူ/လက်ခံယူတာတွေဟာ ၀န်ထမ်းတွေကြားမှာ ပုံမှန်သဘောဖြစ်လာခဲ့တယ်။ လည်သူစားစတမ်း ၀န်ထမ်းလောကကြီး ဖြစ်လာရတယ်။ ” ကြားပေါက် ” ဆိုတဲ့စကားဟာလည်း ၀န်ထမ်းလောကအတွင်းမှာ မက်မောစရာ စကားလုံးတစ်ခုဖြစ်လာခဲ့တယ်။
(ခုလို လစာ ကျပ်(၂)သောင်းတိုးပေးလည်း ကြားပေါက်တွေက ပျောက်သွားဦးမှာ မဟုတ်ပါ)

နဂိုလစာ (၁၅၀၀၀ – ၁၀၀၀ – ၂၀၀၀၀)စကေးသာရတဲ့ ရာထူးအနိမ့်ဆုံး အခြေခံဝန်ထမ်းတစ်ဦးရဲ့ တိုးမြှင့်ပြီး လစာဟာ တစ်လ (၃၅၀၀၀ – ၁၀၀၀ – ၄၀၀၀၀)စကေးပဲ ရှိဦးမှာပါ။ အခြေခံဝန်ထမ်းတွေအဖို့ နဂိုလစာမှာ ထပ်တိုးပေးတဲ့ဆိုတဲ့ ကျပ်ငွေ(၂)သောင်းဟာ သူတို့ဘ၀တွေလှလာဖို့တော့ ဖြစ်လာစေဦးမှာမဟုတ်ပါဘူး။ (ဒီကြားထဲ လစာလေး မဖြစ်စလောက်တိုးလာတာနဲ့ပဲ ပြည်တွင်းကုန်ဈေးနှုန်းတွေက အဆမတန် မြင့်တက်လာနေပါပြီ)

တကယ်တော့ စစ်အဆိုးရအနေနဲ့ ၂၀၁၀ ခုနှစ်အဦးအစမှာ ခုလို လစာတိုးပေးတယ်ဆိုတာဟာ ၂၀၁၀ ရွေးကောက်ပွဲအမည်ခံပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့လုပ်မယ့်အချိန်မှာ အချိန်ကိုက် စည်းရုံးရေးဆင်းပြခြင်းမျှသာ ဖြစ်ပါတယ်။

ကြားပေါက်မရှိရှာ၊ ရှားပါးတဲ့ အခြေခံစစ်သား၊ အခြေခံဝန်ထမ်းများကို (၂)သောင်းကျပ်မျှ တိုးပေးခြင်းဟာ နဂိုရ လစာနဲ့ပေါင်းရင် ခမျာများအတွက် အနည်းငယ် အပိုဝင်ငွေရခြင်းမျိုးဖြစ်လာနိုင်ပေမဲ့ ကြီးမားများပြားလှစွာသော ” ကြားပေါက် ” တွေနဲ့ စည်းစိမ်ယစ်မူး၊ ပျော်မြူးနေတဲ့ စစ်တပ်အရာရှိများအဖို့တော့ ကျပ်ငွေ(၂)သောင်းဆိုတဲ့ပမာဏဟာ ထိုစစ်တပ်အရာရှိတို့ရဲ့ အိမ်မှာ မွေးထားတဲ့ ခွေးတစ်ကောင်စာ အစာကျွေးဖို့ တစ်ရက်စာ မုန့်ဖိုးမျှသာ ရှိမှာဖြစ်ပါတယ်။

- ညိုကြီး
 

Military Junta made a joke over Ethnic Groups? December 14, 2009

Filed under: "MEDIA to MEDIA" FIGHTING,MY NEWS,MY WRITING,PHOTOS — Nyo Gyi @ 2:30 am
စစ်အာဏာရှင်များက တိုင်းရင်းသားများအပေါ် နှိမ်ချစော်ကားလေပြီလော
( တိုင်းရင်းသားများ သတိထားစဉ်းစားကြဖို့ )

ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စစ်အာဏာရှင်သတင်းစာတွေမှာ ၂၀၀၈ ခုနှစ် မတရားအတည်ပြု ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲအကြို နယ်ခြားစောင့်တပ်ဖွဲ့တွေ ဖွဲ့တဲ့အကြောင်းရေးသားထားတဲ့ လုပ်ဇာတ်ဆောင်းပါးတွေ ဖော်ပြခဲ့ပါတယ်။

အဲဒီဆောင်းပါးတွေထဲကမှ (၂၅၊ နိုဝင်ဘာ၊ ၂၀၀၉)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါရှိခဲ့တဲ့ ကလောင်အမည် ယိန်းနန်ရဲ့ “မျှော်လင့်မထားသော အတွေ့အကြုံများ” ဆိုတဲ့ ဆောင်းပါးကိုလည်း သတင်းစာဖတ်ဖြစ်သူများ သတိထားမိမယ်ထင်ပါတယ်။

(ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်အချို့မှာလည်း အဲဒီ ဆောင်းပါးကိုပဲ စစ်အဆိုးရက ထုံးစံအတိုင်း ဖိအားပေး ထည့်သွင်းဖော်ပြစေခဲ့ပါတယ်။ ဥပမာ- ပြီးခဲ့တဲ့ အပတ်က ထုတ်ဝေခဲ့တဲ့ First Eleven Sport Journal Vol(10), No(27) နဲ့  Premier Eleven Sport Journal Vol(7) No(14) ဂျာနယ်တွေရဲ့ စာမျက်နှာ (၁၈)မှာ အဲဒီ ယိန်းနန် ဆောင်းပါးကို ဖော်ပြထားပါတယ်။)

(ယိန်းနန်ကလောင်အမည်နဲ့  ” မျှော်လင့်မထားသော အတွေ့အကြုံများ ” ဆောင်းပါးကို ခွေးဘလော့ဂ် http://kyeesaytaman.blogspot.com/2009/11/blog-post_25.html မှာလည်း ဖတ်ရှုနိုင်ပါတယ်။)

ရှမ်းပြည်နယ်၊ ဗထူး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်းမှာ နယ်ခြားစောင့်တပ် သင်တန်းတက်နေတဲ့ ဗိုလ်ယိန်းနန်ဆိုသူက ကချင်ပြည်နယ် ဗန်းမော်က သူ့ သူငယ်ချင်း ဘရန်ရှောင်ဆိုသူ့ထံ ကချင်ပြည်နယ်မှာ NDAK အဖွဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တဲ့အကြောင်း၊ သူ့ကိုလည်း ဗိုလ်အဆင့်ပေးကြောင်းနဲ့ အဲဒီလို နယ်ခြားစောင့်တပ် ဖွဲ့စည်းလိုက်တဲ့အပေါ် မစားရ ၀ခမန်း၊ အလွန်အကျွံဝမ်းသာထောက်ခံရေးသားကြိုဆိုထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။

အခု ပြောချင်တာက ဆောင်းပါးထဲက စာသားတွေအကြောင်းကို မဟုတ်ပါဘူး။ အဲဒီ “မျှော်လင့်မထားသော အတွေ့အကြုံများ” ဆိုတဲ့ ဆောင်းပါးနဲ့ တွဲပြီး ဖော်ပြထားတဲ့ ကလောင်အမည် ” ယိန်းနန် ” ဆိုတာကို မီးမောင်းထိုးပြလိုပါတယ်။

တကယ်တော့ ကချင်အမျိုးအနွယ်ဖြစ်တဲ့ လရှီးဘာသာစကားအရ ယိန်းနန်ဆိုတာဟာ ယိန်း=သမီး၊ နန်=တစ် (ယိန်းနန်=နံပတ်တစ်သမီး (သို့) သမီးကြီး) လို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါဟာ တိုင်းရင်းသားတွေအပေါ် မလှိမ့်တပတ်နဲ့ စော်ကားလိုက်တာလို့ပဲ မြင်ပါတယ်။

ကျွန်တော်တို့ ဗမာစကားမှာ သမီးမွေးတယ်ဆိုတဲ့ စကားရှိပါတယ်။ သမီး မွေးစားတယ်ဆိုတဲ့ စကားလည်း ရှိပါတယ်။ မွေးပြီးစားတဲ့ သဘောပေါ့။ ဖောက်ပြားတတ်တဲ့ အိမ်ထောင်ရှိ ယောက်ျားတွေ ကိုယ့်ထက်အရမ်းငယ်တဲ့ မိန်းကလေးကို အငယ်အနှောင်းထားတယ်ဆိုရင် ဘေးလူကြားကောင်းအောင် သမီးမွေးစားထားတယ်ဆိုပြီး ပြောတတ်ကြပါတယ်။

(ဗမာထောင်တွေထဲ အကျဉ်းကျဖူးတဲ့ သူတစ်ဦးပြောပြတာကတော့ ထောင်ထဲမှာ ယောက်ျားအချင်းချင်းသံဝါသပြု အတူနေတတ်တာတွေ (ဂေးတွေ) ရှိတဲ့အကြောင်း၊ ကိုယ်အပိုင်မွေးထားတဲ့ ယောက်ျားလေး(ဂေး)ရှိရင် သမီးမွေးထားတယ်ဆိုပြီး ဥပမာတင်စား ပြောဆိုတတ်လေ့ရှိကြောင်း သိရှိရပါတယ်။)

အဲတော့ “မျှော်လင့်မထားသော အတွေ့အကြုံများ” ဆောင်းပါးရေးသူရဲ့ ကလောင်အမည်ကို စစ်အာဏာရှင်တွေက တမင်တကာ အကွက်ချပြီး ” ယိန်းနန် ” ဆိုပြီး ဖော်ပြတယ်။ ပြီးတော့ ဆောင်းပါးထဲမှာလည်း အဲဒီ ဗိုလ်ယိန်းနန်က ယောက်ျားလေးတစ်ဦးလိုပဲ ပြောဆိုရေးသားထားတယ်။ လရှီးဘာသာစကားအရ ယိန်းနန်ရဲ့ အဓိပ္ပာယ်က သမီးကြီး။ ကဲ သေချာစဉ်းစားကြည့်ကြပါဦး။ ဒါဟာ ဘာသဘောလဲ။ သွေးရိုးသားရိုးတော့ မဟုတ်တန်ရာ။

နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့တဲ့ တိုင်းရင်းသားတပ်တွေကို ဗိုလ်သမီး (သို့) အမျိုးသမီးဆန်တဲ့ (အမျိုးသမီးဆိုတဲ့သဘောက အားနွဲ့/အားနည်းတဲ့ သဘောရှိလေတော့) အားမရှိတဲ့ စစ်တပ်တွေလို့ ဆိုလိုချင်တာလား။ သို့တည်းမဟုတ် အထက်က ကျွန်တော်ပြောခဲ့တဲ့ သမီးမွေးတယ်ဆိုတဲ့ သဘောယုတ်မျိုးနဲ့ တိုင်းရင်းသားတွေအပေါ် နှိမ်ချ စော်ကားလိုက်တာလား။

အဆိုပါမေးခွန်းတွေဟာ အဲဒီဆောင်းပါးနဲ့ ယိန်းနန် ကလောင်အမည်ကို တွဲပြီး သုံးခဲ့တဲ့ စစ်အာဏာရှင်များကိုယ်တိုင်သာ ဖြေရမယ့်မေးခွန်းတွေ ဖြစ်ပါတယ်။

စစ်အာဏာရှင်များဟာ ဗမာတိုင်းပြည်ကို နှိပ်စက်အုပ်ချုပ်၊ မတရားမင်းလုပ်တဲ့နေရာမှာ သိပ္ပံနည်း၊ ၀ိဇ္ဇာနည်း၊ နတ်ကတော်နည်း၊ ဓာတ်နည်း၊ ဗေဒင်နည်း၊ ကက်ကင်းနည်း အစသဖြင့် နယ်ပယ်ပေါင်းစုံက နည်းလမ်းတွေနဲ့ ရှာဖွေကျင့်ကြံအာဏာထိန်းသိမ်းအုပ်ချုပ်တတ်လေတော့ အခုလို ယိန်းနန်(သမီးကြီး) ဆိုတဲ့ ကလောင်အမည်ကိုလည်း တိုင်းရင်းသားနယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့တဲ့ ဆောင်းပါးမှာ အကွက်ကျကျ ထည့်သွင်းပြီး တိုင်းရင်းသားတွေအပေါ် နှိမ်ချဆက်ဆံစော်ကားလိုက်တာလို့ပဲ မြင်မိပါတယ်။

မလှိမ့်တပတ်နဲ့ လူလည်ကျ နှိမ်ချ စော်ကားတတ်တဲ့ စစ်အာဏာရှင်များရဲ့ ချဉ်းကပ်လာမှုမျိုးစုံကို တိုင်းရင်းသားများအနေနဲ့ သတိထား စဉ်းစား စောင့်ကြည့်နိုင်ကြပါစေ။

ညိုကြီး
(၁၃၊ ဒီဇင်ဘာ၊ ၀၀၉)

————————————————————–
(လရှီးဘာသာစကားအရ ယိန်းနန် = နံပတ်တစ်သမီး(သို့) သမီးကြီး ဆိုသည့် အဓိပ္ပာယ်အကြောင်း ပြောပြခဲ့သည့် အစ်ကိုကြီးအား အထူးလေးစားကျေးဇူးတင်ပါကြောင်း)
 

Sai Sai Kham Hlaing’s Song, Beggars, Thieves, Robbers And Villains From Burma November 25, 2009

Filed under: MY NEWS,MY WRITING,PHOTOS,SATIRE — Nyo Gyi @ 10:30 am
စိုင်းစိုင်းခမ်းလှိုင်သီချင်း၊ ဗမာပြည်က သူတောင်းစားများနှင့်
သူခိုး၊ ဓားပြ၊ လူဆိုးများ


Don’t Cry Sai SaiMore free videos are here

metacafe မှာ တွေ့ရတဲ့ MTV တိုလေးတစ်ခုပါ။ စိုင်းစိုင်းခမ်းလှိုင်နဲ့ သီရိဆွေတို့ သီဆိုထားခဲ့တဲ့ ” ဖုတ်လှိုက်ဖုတ်လှိုက် ” သီချင်းကို ဗမာပြည်က သူတောင်းစားကလေးငယ်များက ပြန်လည် သီဆိုပြီး တောင်းရမ်းစားသောက်နေရပုံ မြင်ကွင်းလေးတစ်ခုဖြစ်ပါတယ်။ မူဗီကလစ်နာမည်ကို metacafe မှာ တင်ထားသူ demonlay က ” မငိုနဲ့နော် စိုင်းစိုင်း ” Don’t Cry Sai Sai လို့ အမည်ပေးခဲ့တယ်။

သူတောင်းစားဦးရေ တိုးပွားလာနေတဲ့ ဗမာပြည်နေရာတွေထဲက တစ်ခု
(ဦးပိန်တံတား- တောင်သမန်၊ အမရပူရ)

တကယ်တော့ ဗမာပြည်ဟာ သူတောင်းစားသိပ်ပေါတဲ့ တိုင်းပြည်တစ်ခုဖြစ်နေပါပြီ။ ဈေးတိုင်း၊ လက်ဖက်ရည်ဆိုင် (သို့) စားသောက်ဆိုင်တိုင်း၊ ဘုရားပရ၀ဏ်/တန်ဆောင်းတိုင်း၊ ပွဲလမ်းသဘင်တိုင်းလိုလိုမှာ မတွေ့ချင်အဆုံး၊ မမြင်ချင်အဆုံး သနားစဖွယ်တွေ့တွေ့နေရတာကတော့ မွေးကင်းစမှ အဘိုး၊ အဘွားအိုအရွယ်အထိ သူတောင်းစားများဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ လက်ရှိဆင်းရဲမှုကို ဖော်ပြနေတဲ့သဘောတွေထဲက တစ်ခုဖြစ်ပါတယ်။

နောက်ထပ်ဝမ်းနည်းစရာတစ်ခုလည်း ရှိပါသေးတယ်။
ညံ့ကလည်း ညံ့သေး၊ ဆက်ကြေးကလည်း တောင်းသေး၊ ယုတ်ကလည်း ယုတ်သေး၊ တရုတ်ရဲ့ ရုပ်သေး စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးရဲ့ ဖြစ်ကတတ်ဆန်း စီမံခန့်ခွဲ လိမ်လည်အုပ်ချုပ်မှုအောက်မှာ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေရရှာတဲ့ အခြေခံဝန်ထမ်းတွေရဲ့ဘ၀(အခြေခံ စစ်သားလေးတွေအပါအ၀င်)ဟာ မလောက်မငှ၊ မ၀ရေစာ လစာတွေနဲ့သာ ရပ်တည်နေရပြီးတဲ့နောက် မိမိနဲ့ မိမိရဲ့မိသားစု ၀မ်းရေးအတွက် သူတောင်းစားသာသာဘ၀ကို မလွှဲသာမရှောင်သာ ရောက်ရှိသွားခဲ့ရခြင်းပါပဲ။ ဒါဟာသိပ်ကို ရင်နာစရာကောင်းလှပါတယ်။

အာဏာကို တလွဲသုံးပြီး ငွေညှစ်တဲ့သူတွေနဲ့ ကလိန်ကကျစ်ကျတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကိုတော့ ” သူခိုး၊ ဓားပြများ ” လို့ပဲ အမည်တပ်ရတော့မယ်ထင်ပါတယ်။

သူတောင်းစားတွေ၊ သူခိုးဓားပြတွေထက် ပိုဆိုးတဲ့ သူတွေကတော့ စောစောက ပြောခဲ့တဲ့ ဗမာပြည်ရဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးပါပဲ။ စစ်တပ်၊ ကြံ့ဖွတ်၊ စွမ်းအားရှင်၊ ထောက်လှမ်းရေး၊ သတင်းပေးတွေကို လက်ကိုင်တုတ်လို အသုံးချပြီး လူဆိုးဂိုဏ်းပုံစံမျိုးဖွဲ့ကာ ဖြတ်စား၊ သတ်စား၊ ရိုက်စား၊ လိုက်စား၊ နှိုက်စား၊ လိမ်စား၊ နှိမ်စား၊ ခြောက်စား၊ ဟောက်စား၊ ညစ်စား၊ ရစ်စား၊ ခွဲစား၊ တွဲစား၊ စားနည်းမျိုးစုံနဲ့ လှည့်စား ရမ်းကား ယုတ်မာနေတဲ့ ကိုသန်းရွှေ၊ ကိုမောင်အေး အစသဖြင့်တို့ ခေါင်းဆောင်နေတဲ့ လက်နက်ကိုင် စစ်အာဏာရှင် လူဆိုးဂိုဏ်းအဖွဲ့ကြီးကတော့ဖြင့် ယနေ့ဗမာပြည်တွင်းမှာ အဆိုးဝါးဆုံး၊ အရက်စက်ဆုံး၊ တိုင်းပြည်ကို အဖျက်ဆုံးဖြစ်နေတာ အများမျက်မြင် တွေ့ရပါလိမ့်မယ်။

ညိုကြီး
———————————————————————-

Don’t Cry Sai Sai Movie Address-
http://www.metacafe.com/watch/2745108/dont_cry_sai_sai/

 

Mandalay Yadanabon Newspaper Said, " To Get Democracy, Let’s Protest" November 15, 2009

Filed under: "MEDIA to MEDIA" FIGHTING,MY NEWS,MY WRITING,OTHERS' NEWS,PHOTOS — Nyo Gyi @ 4:59 pm
စစ်အဆိုးရ၏ မန္တလေးထုတ် ရတနာပုံ သတင်းစာက
” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် “ ကြောင်း ဖော်ပြခဲ့


” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် “ သည်ဟု ၁၃၇၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ သောကြာနေ့၊ (၁၃၊ ၁၁၊ ၂၀၀၉)နေ့ထုတ်  ရတနာပုံ သတင်းစာ၊ အတွဲ (၁၈)၊ အမှတ် (၁၉၇) နောက်ကျောဖုံး (စာမျက်နှာ- ၁၆) မှာ တရားဝင်ဖော်ပြခဲ့ပါ၏။ (ပူးတွဲပါ ဓာတ်ပုံကို ရှု)

ပုံမှန်အတိုင်း ဆိုလျှင် ” ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် ” ဟု စစ်အဆိုးရက ဖော်ပြလေ့ရှိသော်လည်း ယခုလို ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ဟု မန္တလေးထုတ် ရတနာပုံသတင်းစာ (၁၃၊ ၁၁၊ ၂၀၀၉) က ဖော်ပြလိုက်ခြင်းသည် ဗမာပြည်သူလူထုအား ” ဒီမိုကရေစီရလိုလျှင် ဆူကြပူကြ “ ဟု ရတနာပုံသတင်းစာ (သို့မဟုတ်) စစ်အဆိုးရကိုယ်တိုင်က နှပ်ကြောင်းပေးသည့် သဘောဖြစ်နိုင်ကြောင်း မန္တလေးမြို့ခံများက ပြောဆိုသုံးသပ် နေလျက်ရှိကြ၏။

နောက်တစ်မျိုးစဉ်းစားကြည့်မည်ဆိုလျှင် -
ထို (၁၃၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံ သတင်းစာ၏ ရှေ့မျက်နှာဖုံးတွင် ကိုသန်းရွှေ သီရိလင်္ကာ ထွက်ခွာကြောင်း သတင်းကို ဖော်ပြထားပြီး နောက်ကျောဖုံးတွင် ” ဆူပူမှုဖြင့် ဒီမိုကရေစီ ရနိုင် ” ဟု ရေးသားဖော်ပြထားရာ ၎င်းနှစ်ခုကို ယှဉ်တွဲ အဖြေထုတ်ကြည့်မည်ဆိုပါက ကိုသန်းရွှေ သီရိလင်္ကာမှာ ရှိသခိုက် ဗမာပြည် ဒီမိုကရေစီရရှိဖို့ ဗမာပြည်သူပြည်သားများ ဆူကြပူကြရန် မန္တလေးထုတ် ရတနာပုံ သတင်းစာက တိုက်တွန်းနေဘိသကဲ့သို့ ရှိနေပါတော့သည်။

ကဲ … ဒီမိုကရေစီရရှိဖို့ ဆူကြပူကြ စို့ !!!
(ညိုကြီး ပြောတာ မဟုတ်ဘူးနော်။ ရတနာပုံသတင်းစာက ဆော်ဩတာ။)

ညိုကြီး
———————–

မှတ်ချက်

(၁၄၊ ၁၁၊ ၂၀၀၉) နေ့ထုတ် ရတနာပုံသတင်းစာ နောက်ဖုံးမှာတော့ 
” ဆူပူမှုဖြင့် ဒီမိုကရေစီ မရနိုင် ” ဟု ပြန်လည် ပြင်ဆင်ဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။ (အောက်ပုံ)

 

 
Follow

Get every new post delivered to your Inbox.